မော်လမြိုင် ၊ ဒီဇင်ဘာ (၁၄)

ကရင်အမျိုးသားအစည်းအရုံး (KNU) ကွန်ဂရက် ညီလာခံကို လာမယ့် ၂၀၂၂ နှစ်ဆန်းမှာ ကျင်းပပြုလုပ်သွားဖို့ ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးပွဲမှာ ဆုံးဖြတ်ခဲ့ပါတယ်။

၁၇ ကြိမ်မြောက် ညီလာခံ ကျင်းပဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကနေ ဒီဇင်ဘာလ ၈ ရက်နေ့ထိ ပြုလုပ်ခဲ့တဲ ကေအဲန်ယူဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးပွဲမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လာမယ့် KNU ကွန်ကရက် ညီလာခံမှာတော့ ကေအဲန်ယူရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မူဝါဒလမ်းစဉ်နဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို ဆွေးနွေးအတည်ပြုသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒ့ါအပြင် ကွန်ကရက် ညီလာခံမှာ ခေါင်းဆောင်ပိုင်းနေရာအတွက် ရွေးကောက်ပွဲ ကျင်းပသွားဖို့ ရှိနေတာ ဖြစ်ပြီး မဲပေးမှုအပေါ် မူတည်ပြီး ခေါင်းဆောင်ပိုင်း နေရာအပြောင်းအလဲ ရှိလာနိုင်တယ်လို့ KNU နိုင်ငံခြားရေးဌာန တာဝန်ခံဖြစ်သူ ပဒိုစောတောနီးက ပြောပါတယ်။

“ ကွန်ဂရက်မှာ ရွေးကောက်ပွဲလုပ်မယ်။ အသစ်တက်လာမယ့် ခေါင်းဆောင်က လူအချိန်းအပြောင်း ဖြစ်နိုင်ပါတယ်။ မဲပေးမယ့်သူအပေါ် မူတည်တာပေါ့။ အခုခေါင်းဆောင်လည်း ဆက်ဖြစ်ရင်ဖြစ်မယ် ၊ အချိန်းအပြောင်းလည်း ရှိနိုင်ပါတယ်” လို့ ဆိုပါတယ်။

လက်ရှိ KNU ဥက္ကဌ ပဒိုစောမူတူးစေးဖိုးက ဥက္ကဌနေရာမှာ တာဝန်ထမ်းဆောင်လာတာဟာ သက်တမ်းနှစ်ဆက်ရှိနေပြီး ရှိပါတယ်။

ကေအဲန်ယူရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥက္ကဌရာထူးအပါအဝင် ဗဟိုအမြဲတမ်းကော်မတီဝင်တွေမှာလည်း နောက်ထပ်အရွေးခံခဲ့ရပါက ထပ်မံ တာဝန်ထမ်းဆောင်နိုင်တယ်လို့လည်း ပဒိုစောတောနီးက ဆိုပါတယ်။

ကေအဲန်ယူ ကွန်ဂရက်ညီလာခံကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လပိုင်းက ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအပြောင်းအလဲ အခြေအနေအရပ်ရပ်ကြောင့် ရွှေ့ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.