မော်လမြိုင် ၊ ဒီဇင်ဘာ (၁၁)

စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီပဋိပက္ခတွေမှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေပြည်သူကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာအပြင် အတင်းအဓမ္မပေါ်တာဆွဲတာ၊ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေကြောင့် လူအခွင့်အရေးတွေ အကြီးအကျယ် ဆုံးရှုံးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ လူအခွင့်အရေး ချိူးဖောက်မှုကို ခံနေရတဲ့ ကျေးလက်ဒေသက လူနည်းစု တိုင်းရင်းသားတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းပြုရေး၊ ဘဝရှင်သန်ရေးနဲ့ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးတို့မှာ စိန်ခေါ်မှုတွေ ထပ်မံကြုံတွေခံစားနေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။

“ စစ်အာဏာသိမ်းပြီးနောက် စစ်ရေးလှုပ်ရှားမှုတွေ ပိုများလာတယ်။ ဒေသခံတွေဟာ မလုံခြုံမှုတွေကို ခံစားရနေရတယ်။ အဲ့တာနဲ့အတူ ဒေသခံတွေအနေနဲ့ သူတို့ရဲ့ ရာသီစာတွေဖြစ်ဖြစ် လယ်ယာတွေ ဖြစ်ဖြစ် မလုပ်နိုင်တော့ဘူး ။ ဒါတွေက တစိုက်မတ်မတ်လုပ်ရတဲ့ဟာတွေ တစ်ရာသီ မစိုက်ဖြစ်ရင် တစ်နှစ်ပတ်လုံး မစားရတော့ဘူး” လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသားကျေးရွာ အများအပြားပျက်စီးခဲ့ပြီး အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပါတယ်။

စစ်ဘေးဒဏ်ကြောင့် ထောင်နဲ့ချီတဲ့ ကျေးလက်နေပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ကောင်စီရဲ့ ဆိုးရွားတဲ့စစ်မက်ပြုမူတာတွေကို ဆက်လက်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူလူထုအတွက် မားမားမတ်မတ် ဆက်လက်ရပ်တည်ပေးဖို့နဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်စာနာထောက်ထားမှုဥပဒေကို ချိုးဖောက်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ကူညီပံ့ပိုးပေးမှုကနေ ရှောင်ကြဉ်ပေးဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က တောင်းဆိုထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.