မော်လမြိုင် ၊ ဒီဇင်ဘာ (၁၀)

စစ်ကောင်စီက ဖုန်းခေါ်ဆိုခနဲ့ အင်တာနက် ဒေတာခ ဈေးနှုန်းကို နှစ်ဆနီးပါး တိုးမြှင့်လိုက်တာကြောင့် အရောင်းအဝယ်ပြုလုပ်ရာမှာ အခက်အခဲတွေ ရှိလာတယ်လို့ Online ကနေ အရောင်းအဝယ် ပြုလုပ်နေသူတွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး ဖုန်းခေါ်ဆိုခနဲ့ အင်တာနက် ဒေတာခတွေကို (၂)ဆနီးပါး တိုးမြှင့်ကောက်ခံဖို့ ဆက်သွယ်ရေး အော်ပရေတာတွေကို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို ဖုန်းခေါ်ဆိုခနဲ့ အင်တာနက်ဒေတာခတွေကို တိုးမြှင့်လိုက်တာကြောင့် အရောင်းအဝယ် ပြုလုပ်ရမှာ အခက်အခဲတွေ တွေရှိလာသလို အကျိုးအမြတ်နည်းပြီး ထိခိုက်မှုတွေ ရှိလာတယ်လို့ Online ကနေ အရောင်းအဝယ်လုပ်နေသူ တစ်ဦးက အခုလို ပြောပါတယ်။

“ထိခိုက်တာပေါ့ အများကြီး အရင်ကဆို ကလေးတွေက ဒေတာသက်သာတော့ Postက တစ်ချိန်လုံး အများကြီး တင်နိုင်တာပေါ့၊ လူငယ်တွေ အတွက်တော့ တအား ထိခိုက်တယ် ကလေး ဝင်ငွေလေ၊ အခုက ဒေတာက (၂)ဆဆိုတော့ သူတို့ Postတင်ရ ဘာတင်ရ တာတော့ အခက်အခဲတွေ အများကြီး ဖြစ်သွားမှာပေါ့၊ ရတဲ့ဟာလေက တစ်ထည်ကိုမှ ပို့ခနဲ့ရော ဘာရောမှ တစ်ထည်ကို (၁၅၀၀)လောက် ရတာလေ အထည်တို့ ဘာတို့ကလေ အဲ့တာဆိုတော့ ဒေတာဖိုးတွေ ဘာတွေ ပြန်နှုတ်ရင်တော့ ကလေးတွေ ဆိုင်ကယ်ဆီးဖိုး ကလည်း ဈေးတွေတက် ဆိုတော့ တော်တော်တော့ အခက်အခဲ ဖြစ်တယ်၊ ကလေးတွေ အတွက်တော့ အဆင်မပြေ ဖြစ်တယ်”လို့ ဆိုပါတယ်။

ဖုန်းခေါ်ဆိုခနဲ့ အင်တာနက်ဒေတာခတွေ မြင့်တက် သွားတာကြောင့် အင်တာနက် သုံးစွဲသူတွေ လျော့နည်းလာရင် Online အရောင်းအဝယ်တွေလည်း ကျဆင်းလာနိုင်ပါတယ်။

အင်တာနက် ဒေတာခ ဈေးနှုန်းမြင့်တက်တာဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးစပြုနေတဲ့ အွန်းလိုင်းစီးပွားရေးလုပ်ငန်းကို အရှိန်အဟုန် ရပ်တန့်သွားစေနိုင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးပြီး စီးပွားရေးကြပ်တည်းနေတဲ့ ကာလမှာ ဖုန်းခေါ်ဆိုခနဲ့ အင်တာနက်ဒေတာခတ ဈေးနှုန်းတွေပါ တိုးမြှင့်လိုက်တဲ့အတွက်ကြောင့် အခြေခံလူတန်းစာတွေမှာ ဖုန်းသုံးစွဲဖို့ပင် အခက်အခဲ ရှိလာကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CNI News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.