မော်လမြိုင် ၊ ဒီဇင်ဘာ (၁၀)

အာဏာသိမ်း စစ်ကောင်စီဟာ မဲမသမာမှု အကြောင်းပြချက်နဲ့ နိုင်ငံတော် အာဏာကို မတရားရ ယူခဲ့တာ အခုဆိုရင် ၁၀ လကျော် ကြာမြင့်လာပြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ အာဏာတည်မြဲဖို့အတွက် နည်းလမ်းမျိုးစုံ သုံးပြီး အပြစ်မဲ့ပြည်သူတွေကို ညှင်းပန်းနှိပ်စက်နေသလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့သူတွေကိုလည်း ဖမ်းဆီးသတ်ဖြတ် တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေမှာ စစ်ကောင်စီအနေနဲ့ မိမိတို့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေ ရပ်တန့်ပြီး ပြည်သူဆန္ဒကို အမြန်ဆုံး အသိအမှတ်ပြုဖို့ လိုအပ်နေပြီးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ပြောဆိုလိုက်ပါတယ်။

“ပြည်ထောင်စုထဲမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒကို ဂရုမစိုက်ဘဲ အာဏာတည်မြဲရေးအတွက် စိတ်ထင်တိုင်း မင်းမူပြုကျင့်နေရင် သမိုင်းဆိုးအဖြစ် တွင်ကျန်ရစ်ခဲ့မှာ ဖြစ်တယ်။ အဲ့တာကြောင့် အခုလို အခြေအနေမျိုးမှာ စစ်တပ်က သူတို့ရဲ့ မတရားတဲ့လုပ်ရပ်တွေကို ရပ်တန့်ကရပ်ပြီး ပြည်သူလူထုရဲ့ ဆန္ဒကို အလေးထားဖို့ ကျွန်တော်ထောက်ပြချင်တယ်” လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အတွင်းရေးမှူး ဦးစိုင်းလိတ်က ဆိုပါတယ်။

မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းယူပြီးနောက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကအစ အဘက်ဘက်က ကျဆင်းနေတာ ဖြစ်ပါတယ်။

တဖက်မှာတော့ တိုင်းပြည်ရဲ့ နေရာအနှံ့မှာ စစ်ကောင်စီတပ်တွေကို ရရာနည်းလမ်းတွေကို သုံးပြီး တော်လှန်နေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ ဒီအခြေအနေမှာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတာ နားလည်း သဘောပေါက်ဖို့ လိုအပ်နေပြီးလို့ ရခိုင်အမျိုးသားပါတီက ပြောပါတယ်။

“ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေမရှာဘဲ လက်နက်ကိုင်နည်းလမ်းနဲ့ အတင်းအဓ္မ အဖြေရှာလို့ မရဘူးဆိုတာကို နားလည်သဘောပေါက်ဖို့ လိုပြီးလို့ ထင်တယ်” လို့
ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနဲ့ ရခိုင်အမျိုးသားပါတီတို့ဟ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက နိုင်ငံအတိုင်းအတာအရ ကိုယ်စားလှယ်နေရာ တတိယနဲ့ စတုတ္ထ အများဆုံး အနိုင်ရထားတဲ့ တိုင်းရင်းသား အင်အားကြီး ပါတီ နှစ်ခု ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.