မော်လမြိုင် ၊ ဒီဇင်ဘာ (၉)

ဖာပွန်ခရိုင်ထဲက တိုက်ပွဲတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပူးပေါင်း တိုက်ခိုက်နေပြီးလို့ KNLA တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်ပါတယ်။

ဖာပွန်ခရိုင်ထဲကို နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီတပ်တွေကို ပြီးခဲ့တဲ့ကာလတွေတုန်းက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA သာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းကစပြီး နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေပြီးလို့ KNLA တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက အခုလို ပြောပါတယ်။

“ PDF တပ်ဖွဲ့တွေ ပါဝင်လာတာ နည်းနည်းပါးပါးရှိတယ်။ အရင်ကတော့ တပ်မဟာ (၅) တစ်ခုတည်းပဲ တိုက်နေတာပါ။ အခုကျတော့ PDF တွေပါ ပူးပေါင်းပါဝင်ပြီး တိုက်ခိုက်နေပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို ဆက်လက် ဖိနှိပ်နေမယ်ဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပိုမိုကြီးထွားလာနိုင်သလို တိုက်ပွဲတွေ ပိုစိပ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ အပြစ်မဲ့ပြည်သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ အာဏာသိမ်းယူထားမှုကို နောက်ဆုတ်ဖို့ လိုအပ်တယ်လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်ထဲမှာ နိုဝင်ဘာလ တစ်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၁၅၁) ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က (၁၀၃) ဦးသေဆုံးကာ (၈၈) ဦးဒဏ်ရာရရှိသွားတဲ့အပြင် သေဆုံးသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ခွဲမှူးတစ်ဦးလည်း ပါဝင်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.