မော်လမြိုင် ၊ ဒီဇင်ဘာ (၉)

မွေခွံအိတ်ထဲ ထုတ်ပိုးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းဓာတ်ပုံကို ရိုက်ကူးဖြန့်ဝေခဲ့တယ်ဆိုပြီး သံဖြူဇရပ်မြို့နယ် နာရေးကူညီမှုအသင်း အဖွဲ့ဝင် ဦးကျော်ဝင်းကို စစ်ကောင်စီက ထောင်ဒဏ် ၁ နှစ်နဲ့ ၃ လ အမိန့်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က KNU ဒူးပလာခရိုင်၊ ဝင်းရေးမြို့နယ်မှာ ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန်းဝင်းထွန်း အပါအဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ ရုပ်အလောင်းကို သံဖြူဇရပ်မြို့နယ် နာရေးကူညီမှုအသင်းက သွားရောက်ကောက်ယူပြီး သုသာန်ကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီရုပ်အလောင်း ဓာတ်ပုံတွေကို ဦးကျော်ဝင်းက Facebook စာမျက်နှာမှတဆင့် ပြန်မျှဝေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အသရေဖျက်မှုအပါအဝင် ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင်ခဲ့တာ ဖြစ်ပါတယ်။

” KNU ဝင်းရေးမြို့နယ်မှာ အောက်တိုဘာ ၂၀ ရက်နေ့တုန်းက KNLA နဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်တော့ စစ်တပ်ဘက် ယာယီတပ်ရင်းမှူးအပါ ၆ ဦးသေတယ်၊ အဲဒီအလာင်းကို စစ်တပ်ဘက်က လာမကောက်တော့ ဒီသံဖြူဇရပ်နာရေးကူညီမှုအသင်းက သွားကောက်ပြီး သုဿာန်မှာ အိတ်အမဲနဲ့ထုတ်ပိုးထားတယ်၊ အဲဒီအိတ်အမဲနဲ့ထုတ်ပိုးထားတဲ့ဓာတ်ပုံကို ဦးကျော်ဝင်းက ဓာတ်ပုံရိုက်ပြီး Facebook ပေါ်တင်လိုက်လို့ ကိစ္စနဲ့ပဲ သူတို့လေးယောက်လုံးကို စစ်တပ်ဖမ်းခေါ်စစ်ဆေးပြီးတော့ သုံးဦးက ပြန်လွတ်လာတယ်၊ ဦးကျော်ဝင်းက ဓာတ်ပုံရိုက်တဲ့ကိစ္စနဲ့ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲပြီးဒီနေ့မှာပဲ ကျိုက်မရောအထူးတရားရုံမှာ ထောင်ဒဏ် ၁ နှစ်အမိန့်ချလိုက်တယ်” လို့ မိသားစုနှင့်နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဦးကျော်ဝင်းကို အသရေဖျက်မှုအတွက် ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးအပတ်မှာ ထောင်ဒဏ် ၃ လအမိန့်ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် ၅၀၅(က) အမှုကိုတော့ ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ကျိုက်မရောမဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ထောင်ဒဏ် ၁ နှစ် ထပ်မံ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မိသားစုဘက်ကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး အယူခံဝင်ဖို့ မရှိဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဦးကျော်ဝင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မတရားစွပ်စွဲခံရပြီး မွန်ပြည်နယ်မှာ ပထမဦးဆုံး ပြစ်ဒဏ်ချမှတ်ခံရတဲ့ လူမှုကူညီရေးအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.