မော်လမြိုင် ၊ ဒီဇင်ဘာ (၄)

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် အိုမီခရွန်ဟာ မြန်မာနိုင်ငံကို တစ်လအတွင်း ရောက်နိုင်တဲ့အတွက်ကြောင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေအတွက် အဆင့်သင့်ပြင်ထားဖို့ လိုအပ်နေပြီးလို့ ကိုဗစ်အရေးကူညီနေတဲ့ ဆရာဝန်တွေက သတိပေး ပြောဆိုလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် အိုမီခရွန်ကို မနေ့က အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ရောဂါကူးစက်ခံရသူ ၂ ဦး တွေ့ရှိခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းတုန်းက အိန္ဒိယနိုင်ငံမှာ အစုံအလိုက် အပြုံအလိုက် ရောဂါပိုး ကူးစက်ခံရပြီးနောက် အိန္ဒိယနိုင်ငံမှတဆင့် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် အိုမီခရွန်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ အဆင့်သင့်ပြင်ထားဖို့ လိုအပ်နေပြီးလို့ ကိုဗစ်အရေးကူညီနေတဲ့ ဆရာဝန် တစ်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ တခေါက်ကလည်း အိန္ဒိယမှာ အကြီးအကျယ် ဖြစ်ပြီးတော့ ကလေး ၊ တမူး ဘက်ကနေ ုတစ်နိုင်ငံလုံး ပြန့်ခဲ့တာပေါ့နော် ။ ခုလည်း အိန္ဒိယမှာ ဖြစ်ပြီးဆိုတော့ ကျွန်တော်တို့ အသင့်ပြင်ထားဖို့ လိုမယ်။ တစ်လအတွင်း ရောက်လာနိုင်တယ်။ ထိစပ်နေတဲ့ နယ်စပ်တလျှောက်ကို ပိုပြီး စောင့်ကြည့်ဖို့ လိုမယ်” လို့ ဆိုပါတယ်။

လက်ရှိနိုင်ငံရေး မတည်ငြိမ်မှု ပြဿနာတွေကြောင့် ကြိုတင်ပြင်ဆင်တာတွေ မလုပ်ဆောင်ထားရင် မြန်မာနိုင်ငံအတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး၊ အရင် တတိယလှိုင်းဒဏ်ထက် ပြည်သူတွေ ရောဂါကူးစက်မှု ပိုခံစားရနိုင်တယ်လို့ ဆရာဝန်တွေက သုံးသပ်ထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOကတော့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် အိုမီခရွန်နဲ့ ပတ်သက်ပြီး ရောဂါကူးစက်ခံရတဲ့ အခြေအနေနဲ့ ရောဂါပြင်းထန်မှုကို လေ့လာနေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.