မော်လမြိုင် ၊ ဒီဇင်ဘာ (၃)

စစ်တပ် အာဏာသိမ်းတာနဲ့ ကိုဗစ်ကပ်ရောဂါ သက်ရောက်မှုတွေကြောင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က ဆေးတံ လက်မှုလုပ်ငန်းတွေ ပိတ်သိမ်းထားရတယ်လို့ ဆေးတံလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဆေးတံလက်မှု လုပ်ငန်းတွေဟာ ခရီးသည် ဝင်ရောက်မှု နည်းပါးလာတာ၊ ပြည်တွင်း၊ပြည်ပက မှာယူသူ မရှိတော့တဲ့ အတွက်ကြောင့် လုပ်ငန်းတွေ ပိတ်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။

သစ်သားကို အခြေခံပြီး ဆေးတံ အပါအဝင် အခြား လက်မှုပစ္စည်း အမျိုးမျိုး ထုတ်လုပ်နေတဲ့ ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာက လက်မှုလုပ်ငန်းတွေ ပိတ်သိမ်းထားရတာ အခုဆိုရင် တစ်နှစ်နီးပါး ရှိလာပြီး ဖြစ်ပါတယ်။

ဒါကြောင့် ဒီအခြေအနေအတိုင်း ဆက်လက် ပိတ်ထားရမယ်ဆိုရင် ရွာလွတ်ကျေးရွာက လက်မှုလုပ်ငန်းတွေ ပျောက်ကွယ်သွားနိုင်တယ်လို့ လက်မှုပညာရှင် ဦးမန်းငွေဝင်းက ပြောပါတယ်။

ဆေးတံလက်မှုလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ကာလတွေတုန်းက တိုင်းနဲ့ပြည်နယ်အသီးသီးကို တင်ပို့ရောင်းချရပေမယ့် အခုအခါမှာတော့ မှာယူသူမရှိလို့ လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ချောင်းဆုံက ဆေးတံလက်မှု လုပ်ငန်းတွေ နည်းတူ မိသားစု တစ်ပိုင်တစ်နိုင် လက်မှုလုပ်ငန်းတွေ ဖြစ်တဲ့ ကြိမ်ပတီး၊ ခမောက်စတဲ့ လက်မှုလုပ်ငန်းတွေလည်း လုပ်ငန်း ရပ်နားလာရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.