ရေဖြူ ၊ နိုဝင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ အင်အားဖြည့် ရောက်ရှိနေပြီး စစ်ဆေးမှုတွေ တင်းကြပ်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာလ စတုတ္ထအပတ်မှ စတင်ကာ စစ်ကောင်စီတပ်သားများက ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအတော်များများရဲ့ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းတို့မှာ ရိက္ခာ၊လက်နက်အပြည့်အစုံနဲ့ တပ်လာစွဲလာတာဖြစ်ပါတယ်။

ရေဖြူ ဒေသဖြစ်တဲ့ ရေဖြူ အနောက်ဖက်ကမ်းတံတားထိပ်နားမှာ အင်အား ၁၀ခန့်၊ ဒေါက်လောက် ရှမ်းတံတား ထိပ်အလွန် လမ်းဆုံမှာ အင်အား၁၀ခန့်၊ ရလိုင်စာသင်ကျောင်းမှာ အင်အား ၁၀ကျော်၊ သစ်တိုထောင့်စာသင်ကျောင်းမှာ အင်အား၂၀ကျော်၊ မူးဒူးရွာထဲမှာ အင်အား ၄၀ခန့်၊ ဧကနိကျေးရွာအုပ်စု ရငဲကျေးရွာစာသင်ကျောင်းမှာ အင်အား၄၀ ခန့်၊ နှမ်းကြဲကျေးရွာအုပ်စု မြန်မာရှင်ထဘီကျေးရွာမှာ အင်အား၃၀ကျော် တပ်စွဲထားတယ်လို့ သိရပါတယ်။

‌ဒါ့အပြင် ကံပေါက်ဒေသဖြစ်တဲ့ ဖောင်းတောကျေးရွာစာသင်ကျောင်းမှာ အင်အား ၆၀ခန့်၊ ဖားချောင်းရွာဘုန်းကြီးကျောင်းမှာအင်အား၅၀ခန့်၊ တောင်ရင်းအင်းရွာစာသင်ကျောင်းမှာ အင်အား၅၀ခန့်နဲ့ ဆယ်အိမ်စုရွာမှာ အင်အား၂၀ခန့် တပ်စွဲထားတယ်လို့ သိရပါတယ်။

“ရေဖြူ မြို့နယ်ထဲမှာ အရင်ကရှိတဲ့ အင်အားတွေထက် အင်အားတွေ ထပ်တိုးလာတယ်။ မနေ့က စပြီး စစ်ဆေးမှုတွေ တင်းကြပ်လုပ်ဆောင်လာတယ်။ ညတုန်းကဆို တစ်ခါမှ မလုပ်ဖူးတဲ့ အိမ်ထောင်စုစာရင်းစစ်တာ ဧည့်စာရင်းစစ်တာတွေပါ လုပ်ဆောင်လာတယ်။ ရွာတွေထဲမှာလဲ ကင်းလှည့်တယ်ဆိုပြီး ကားတွေနဲ့သွားလာတာတွေလုပ်တယ်။ ဒီမနက်ကျတော့ နဘုလည်ဘက်မှာ စစ်ကြောင်းထိုးမယ်လို့တော့ကြားတယ်။ ခုလိုတွေလုပ်နေတော့ ဒေသခံတွေကတော့ ကြောက်နေကြတာပေါ့။ အာဏာသိမ်းပြီးနောက်မှာ စာသင်ကျောင်းတွေမှာ သူတို့ရှိတယ် ဒါပေမယ့် အေးဆေးဘဲနေကြတယ်။ ခုလို စစ်ဆေးတာတွေ မရှိဘူး။ ဒီရက်ပိုင်းမှာ မှ လုပ်လာကြတာ။ ထင်တာကတော့ ဖားချောင်းမှာ စကစ သတင်းပေး အသတ်ခံရတာနဲ့ စကစ ကား မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့်လို့ ထင်တယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့ကစပြီး အနောက်ဘက်ကမ်းတံတားထိပ်၊ ‌ပိတောက်ကုန်းရွာမှ ရှမ်းတံတားအလွန် ပရန်ကင်းရွာထိပ်လမ်းဆုံ၊ ရလိုင်ရွာတံတားနား၊ ‌နဘုလယ်‌ ဒေသမူးဒူးရွာအဝင်၊ ဧကနိကျေးရွာအဝင်လမ်းဆုံနှင့် ကံပေါက်စာသင်ကျောင်းဈေးနှင့်ကျောက်တိုင်အနီး၊ သဲချောင်းကျေးရွာအုပ်စု သဘွတ်ချောင်းရွာလမ်းဆုံ၊ ဖောင်းတောကျေးရွာအုပ်စု မော်ကြီးရွာအဝင်လမ်းဆုံ တို့မှာ အင်အားအမြောက်အများနဲ့ လမ်းသွားလမ်းလာ ဆိုင်ကယ်၊ ကားတွေကိုစစ်ဆေးတာ၊ ဖုန်းကအစ တောင်းယူစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ကံပေါက်ဒေသမှာ ညဘက်ကင်းလှည့်မှုများရှိပြီး ကျေးရွာအများအပြားမှာ ဧည့်စာရင်းစစ်သည်ဟုခေါင်းစဉ်နဲ့ နေအိမ်တွေပေါ်တက်ပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.