မော်လမြိုင် ၊ နိုဝင်ဘာ (၁၈)
မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာငွေတန်ဖိုး ကျဆင်းလာတာ၊ သွင်အားစု ကုန်ပစ္စည်းတွေ ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ကြီးမြင့်တာနဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် စီးပွားရေး လုပ်ငန်းအများစု ပိတ်သိမ်းလာကြတာ ဖြစ်ပါတယ်။
စီးပွားရေး လုပ်ငန်းတွေ ပိတ်သိမ်းလာတာကြောင့် အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်းကလည်း ဆက်တိုက်ဆိုသလို မြင့်တက်နေတာ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေဟာ နိုင်ငံရေး အပြောင်းအလဲမှာ လုပ်ငန်းတွေ အရှုံးပေါ်နေလို့ ဝန်ထမ်း ၅၀ ရာခိုင်နှုန်းနီးပါးကို အလုပ်ရပ်နားထားကြပြီး တချို့လုပ်ငန်းတွေဆိုရင် ဝန်ထမ်း ၇၀ ရာခိုင်နှုန်း ကျော်ကို အလုပ်ရပ်နားထားတယ်လို့ လုပ်ငန်းရှင်တစ်ဦးက အခုလို ပြောပါတယ်။
“ကျွန်တော်တို့မှာ ဝန်ထမ်း (၁၀)ယောက် ရှိရင် အခုဆိုရင် (၄)ယောက်ကတော့ အလုပ်နားခိုင်းရတဲ့ အနေအထားတွေ ဖြစ်လာတာပေါ့၊ အဲ့ဒီ(၆)ယောက်ကိုပဲ ဒီရှိတဲ့ လုပ်ငန်းကို ထိန်းသွားတဲ့ သဘော ဖြစ်နေတာပေါ့လေ၊ တော်တော်များများပဲ ကျွန်တော်တို့ရဲ့ အသိမိတ်ဆွေထဲက လုပ်ငန်းရှင် တွေကလည်း ဒီလိုပဲ ပြောနေကြတာပေါ့လေ၊ တချို့ဆိုလို့ရှိရင် (၄၀)ရာခိုင်နှုန်းတောင် မကပါဘူး၊ လုပ်ငန်းထိန်းနိုင်တဲ့ အနေအထား လောက်ကိုပဲ (၃)(၄)ယောက် ကျန်ထားမယ်၊ (၆၀)(၇၀)ရာခိုင်နှုန်း ထိကိုပဲ အလုပ်တွေ လျော့ချရတဲ့ အနေအထား ဖြစ်တာပေါ့လေ၊ ဝန်ထမ်းတွေ လျော့ချရတဲ့ အနေအထား ဖြစ်နေတာပေါ့”လို့ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ အပါအဝင် စီးပွားရေးလုပ်ငန်း အများစု လုပ်ငန်းတွေ ပိတ်သိမ်းလာတဲ့အတွက်ကြောင့် အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်းကလည်း တဆထက် တဆ ပိုမို မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကျွမ်းကျင်အလုပ်သမားတွေဟာ အလုပ်အကိုင် မရှိလို့ ရရာအလုပ်တွေကို ဝင်ရောက် လုပ်ကိုင်နေကြရတယ်လို့ အလုပ်သမားအရေး ကူညီနေသူတစ်ဦးက ဆိုပါတယ်။
“အဓိက အလုပ်လက်မဲ့ ပြသနာက တော်တော်တော့ ဆိုးဝါးတာပေါ့၊ လက်ရှိမှာလည်း အလုပ်တွေက ဖွင့်တယ်သာ ပြောတာ ရောင်းတဲ့သူပဲ ရှိကြတယ်၊ ဒါပေမယ့် အလုပ်သမားတွေ ဆိုရင်လည်း တချို့နေရာတွေမှာ လျော့နေတာ တွေလည်း ရှိတယ်၊ တချို့နေရာတွေမှာကလည်း အလုပ်က လုပ်ငန်းက ဖွင့်တယ်သာ ဆိုတယ်။ အလုပ်ရှင်တွေက တကယ် စွန့်စွန့်စားစားကြီး မလုပ်ရဲကြဘူး၊ အဲ့ဒီအခါကျတော့ အလုပ်သမားတွေ အနေနဲ့ ကြတော့ ခက်ခဲ နေတာပေါ့၊ ရရာအလုပ်ကို ဝင်လုပ် နေကြရတယ်”လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။
လက်ရှိမှာတော့ အခြေခံလူတန်းစား လက်လုပ်လက်စား ပြည်သူတွေဟာ အလုပ်အကိုင် မရှိလို့ မိသားစု စားဝတ်နေရေး အခက်အခဲကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။
မိသားစု စားဝတ်ရေးအတွက် အလုပ်လိုက်ရှာပေမယ့် ဘယ်နေရာမှာမှ အလုပ်မရတဲ့ အခက်အခဲကို ကြုံတွေ့နေရတယ်လို့ ဆိုကြပါတယ်။
“အလုပ်အကိုင် အခက်အခဲက (၅)လလောက် ရှိသွားပြီး ခက်ခက်ခဲခဲနဲ့ စားသောက် နေထိုင်နေရတာ၊ လက်ရှိ အလုပ်အကိုင် အခြေအနေက ကျွန်တော်မှာ ဘာမှမရှိဘူး ဖြစ်နေတယ်၊ အခုလောလောဆယ်တော့ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိတော့ဘူး၊ အလုပ်ကို လိုက်ပြီးတော့ စုံစမ်းတော့လည်း ဘယ်သူမှ မခေါ်ကြဘူး၊ စားဝတ်နေရေး အခြေအနေကတော့ ကျွန်တော်မှာ ကလေး(၂)ယောက်ရှိတယ် မိန်းမလည်း ရှိတယ် အလုပ်က မရှိတဲ့ အခါကြတော့ ညီကိုမောင်နှမ ပေးကမ်းတာ စားတယ်၊ အိမ်ကသမီးလည်း တစ်နေ့ကို (၁)ထောင်လောက် ရတဲ့ အလုပ်ကို လုပ်တယ်လေ၊ အဲ့လို ကြံဖန်ပြီးတော့ စားနေရတယ်”လို့ အခြေခံ လူတန်းစား တစ်ဦးက ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတဲ့အတွက်ကြောင့် မွန်ပြည်နယ်အတွင်းက အလုပ်သမားတွေဟာ ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းတွေက ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်ဖို့ ကြိုးပမ်းလာကြပါတယ်။
ဒါပေမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေမှာ တရားမဝင်လမ်းကြောင်းက ဝင်ရောက်နေလို့ နေ့စဉ်နဲ့အမျှ ဖမ်းဆီးခံနေရသူ ရာနဲ့ချီ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်