မော်လမြိုင် ၊ နိုဝင်ဘာ (၁၇)

ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေက တလနီးပါး ဝင်ရောက်တပ်စွဲနေရာယူထားလို့ ဒေသခံပြည်သူတွေ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပါတယ်။

လွန်ခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့က ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ကြာအင်းဆိပ်ကြီး မြို့နယ် လွတ်ရှမ်းကျေးရွာထဲကို နယ်မြေကျော်လွန်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်နဲ့ နယ်မြေခံ KNLA တပ်မဟာ ၆ တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး KNLA လုံခြုံရေးဂိတ်တစ်ခုကို စစ်ကောင်စီက ဝင်ရောက် နေရာယူတပ်စွဲလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက သိမ်းယူထားတဲ့ KNLA လုံခြုံရေးဂိတ်အနီးအနားတစ်ဝိုက်မှာ လမ်းတွေပိတ်ထားလိုက်လို့ ဒေသခံတွေအတွက် သွားလာဖို့အခက်အခဲတွေဖြစ်ပေါ်နေပြီး ပိတ်ပင်ထားတဲ့နေရာတစ်ဝိုက်မှာ သွားလာပါက သေနတ်နဲ့ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“စစ်ဖြစ်ကတည်းက စစ်ကောင်စီတွေရှိနေသေးတယ်ဆိုလို့ ပြေးသွားတဲ့အိမ်တွေကျတော့ ခုထက်ထိပြန်မလာကြသေးဘူး။ ဂိတ်ဘေးနားအိမ်တစ်ဝိုက်လေ။ တချို့အိမ်တွေဆို ပြန်မလာကြသေးဘူး။ သွားလာရတာလည်း ကြောက်ရတယ်ပေါ့။ ညပိုင်းလည်းဂိတ်ဖြတ်မရဲ သူတို့လည်းပေးမဖြတ်။ ညပိုင်းဖြတ်ရင် ပစ်မိမယ်ဆိုပြီး ဘာညာခြိမ်းခြောက်ပြောတာ ရွာသားတွေကို ပြောတာတော့ဟုတ်တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လွတ်ရှမ်းကျေးရွာထဲမှာ ဝင်ရောက်နေရာယူတပ်စွဲထားတာ တစ်လနီးပါးရှိပြီဖြစ်ပြီး ကနဦးမှာတော့ KNLA လုံခြုံရေးဂိတ်ကနေ ပြန်လည်ရုတ်သိမ်းပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် ဒီကနေ့အချိန်ထိ တပ် ပြန်လည်ရုတ်သိမ်းတာတွေ မရှိသေးပါဘူး။

ပြီးခဲ့တဲ့လက လွတ်ရှမ်းကျေးရွာထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရးတပ်မတော်KNLAနဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့ပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်က ရှာဖွေဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့လို့ တပ်စွဲထားတဲ့ နေရာအနီးက ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.