မော်လမြိုင် ၊ နိုဝင်ဘာ (၁၆)

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် တရားမဝင် ကုန်ပစ္စည်း တင်သွင်းနေတဲ့ မှောင်ခိုဈေးကွက် ပိုမို ကြီးထွားလာခဲ့တယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် မှောင်ခိုဈေးကွက် တစ်ခေတ်ပြန်ထ လာခဲ့တာ ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်ပြီး ၉ လကျော်ကာလအတွင်းမှာ ပြည်နယ်အတွင်းကို တရားမဝင် လမ်းကြောင်းကနေ ကုန်ပစ္စည်းတင်ပို့မှု ၈၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

မှောင်ခိုဈေးကွက်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် နယ်စပ် ကုန်သွယ်ရေးဂိတ်တွေ ပိတ်တာ၊ ကုန်ပစ္စည်း တင်သွင်းခွင့် ကန့်သတ်ခံရတာ၊ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ အကောက်အခွန်ခတွေ ကြီးမြင့်တက်လာလို့ ဖြစ်ပေါ်လာခဲ့တာပါ။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့တင်းကြပ်တဲ့ စည်းကမ်းချက်တွေကြောင့် သွင်းကုန် အပြင် ပို့ကုန်တွေပါ တရားမဝင် မှောင်ခို ဈေးကွက်နဲ့ လုပ်ဆောင်လာကြတာ ဖြစ်တယ်လို့ စီးပွားရေး လေ့လာသုံးသပ်သူ တစ်ဦးက ဆိုပါတယ်။

“အခုက အခြေအနေက ပိုပိုကြပ်လာတဲ့ အခါကျတော့လေ အခုက မှောင်ခို အခုနောက်ဆုံးပိတ် သူတို့ကဗျာ ကျွန်တော်တို့ အမြင်မှာ ဆိုရင် Export လိုချင်တာကို လိုက်တာပေါ့၊ Export ဆိုရင် ပြီးခဲ့တဲ့ (၄) (၅)နှစ်က ဝင်ထားတဲ့ ဥစ္စာကို ဘဏ်ကို ပြန်သွင်း ပေးရမယ်တို့ ဘာတို့ အဲ့လိုမျိုးတွေ လိုက်တဲ့ အခါကျတော့ အခု ကျွန်တော်တို့ အမြင် ပြောရရင်တော့ မှောင်ခိုအဝင် အပြင် မှောင်ခိုအထွက်ပါ များလာတဲ့ ပုံစံဖြစ်လာတယ်၊ အခုကလေ မှောင်ခိုပစ္စည်း အရင်က သွင်းတာပေါ့ ဒီဘက်က ကြပ်နေလို သွင်းကြတာ ဒီဘက်က ကုမ္ပဏီနဲ့ Export လုပ်တယ်ဆိုရင် အဲ့ဒီဝင်တဲ့ ပိုက်ဆံကို ဥပမာ တစ်လအတွင်း ရက်(၄၀)အတွင်း ပြန်ရှင်းရမယ်တို့ ဘာတို့ ဒါမျိုးတွေ လုပ်လာတဲ့ အခါကြတော့ ပိုပြီးတော့ အထွက်မှာပါလေ Export မှာပါ မှောင်ခို ကဏ္ဍတွေက ဖြစ်လာတာပေါ့”လို့ စီးပွားရေး လေ့လာ သုံးသပ် သူတွေက ဆိုပါတယ်။

မှောင်ခို ဈေးကွက်က တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေဟာ စစ်ဆေးခြင်း မရှိဘဲ ဝင်ရောက်လာတာ ဖြစ်တဲ့အတွက်ကြောင့် စားသုံးသူတွေ အနေနဲ့ အတုအစစ် သိရှိနိုင်ခြင်း မရှိသလို ဘေးထွက် ဆိုးကျိုးတွေနဲ့ တာဝန်ယူမှု တာဝန်ခံမှုအတွက် ပြဿနာ ရှိတယ်လို့ ဆိုပါတယ်။



မှောင်ခိုဈေးကွက် ကြီးထွားလာမှုကို ကြပ်မတ် နိုင်ခြင်း မရှိတာကြောင့် ဒေသတွင်း အသေစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေအပေါ်မှာ သက်ရောက်မှု ကြီးမားလာတာ ဖြစ်ပြီး မကြာမီကာလအတွင်းအလုပ်လက်မဲ့ ပြသနာတွေ ပိုမိုဖြစ်ပေါ်လာဖို့ ရှိနေတာပါ။

“ဘာပစ္စည်းပဲ ဖြစ်ဖြစ် ဈေးသက်သာအောင် သွင်းလာတဲ့ အခါကြတော့ SMEက လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး၊ လုပ်လည်း အကျိုးအမြတ်က မသေချာတော့ဘူးလေ၊ ရှုံးရင်တောင် ရှုံးအုံးမယ်ဆိုတာမျိုးဖြစ်လာတော့ ရေရှည်မှာ ကျတော့ အားလုံးနစ်နာ တာပေါ့၊ SME တွေ အလုပ်မဖြစ်တော့ဘူးဆိုရင် ဝယ်စားတဲ့နိုင်ငံပဲ ဖြစ်တော့မှာလေ သူများဆီကပဲ အကုန်လုံး ယူရတော့မှာ ဖြစ်လာမှာ၊ အဲ့တာက အဓိက အကျဆုံး အချက်ပဲ ၊အဲ့တာနဲ့ ဆက်စပ်ပြီး အလုပ်သမားတွေ အလုပ်ကိုင် အခွင့်အလမ်းက အစဒါ နွယ်ပြီး သူများဆီမှာ အလုပ်လုပ်ရမယ် အဖြစ်တွေ ဖြစ်လာမှာပေါ့” လို့ စီးပွားရေး လေ့လာသုံးသပ် သူတွေက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းကိုတော့ စစ်တပ် အာဏာသိမ်းပြီးနောက် တရားမဝင် မှောင်ခို လမ်းကြောင်းတွေကနေ ဆေးဝါးနဲ့ အလှကုန်ပစ္စည်းတွေ အပါအဝင် စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ အများဆုံး ဝင်ရောက်နေတာ ဖြစ်ပါတယ်။

ပြည်နယ်အတွင်းကိုတော့ ထိုင်းနိုင်ငံကနေ အများဆုံး မှောင်ခိုတင်သွင်းနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.