မော်လမြိုင် ၊ နိုဝင်ဘာ (၁၃)

CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို အရေးကြီးတဲ့ လမ်းညွှန်ချက်တွေနဲ့ လျှို့ဝှက်အကြောင်းအရာတွေကို အသိမပေးဖို့ စစ်ကောင်စီ ညွှန်ကြားထားတယ်လို့ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဌာနဆိုင်ရာတွေရဲ့ အရေးကြီးသတင်းတွေ ပေါက်ကြားမှုများရှိနေတဲ့အတွက် CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေအပေါ် သံသယရှိနေတာပါ။

ဒါကြောင့် စစ်တပ် အာဏာသိမ်းစဉ်က CDM လုပ်ပြီး ရုံးပြန်တက်နေတဲ့ ဝန်ထမ်းတွေကို ဌာနအတွင်း အရေးကြီး လမ်းညွှန်ချက်တွေနဲ့ ဆက်စပ်တဲ့ အစည်းအဝေးတွေကို တက်ရောက်ခွင့်မပြုကြဖို့ ညွှန်ကြားထားတာဖြစ်တယ်လို့ Non CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် ဝန်ထမ်းတွေ သီးသန့်ဖွဲ့ထားတဲ့ Viber၊ messenger Group တွေကနေ CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို ထုတ်ပယ်တာတွေ ရှိလာတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် ဝန်ထမ်းတွေအကြားမှာ ဝေဖန်ပြောဆိုမှုများ ရှိနေသလို ဝန်ထမ်းတွေ အချင်းချင်း စိတ်ဝမ်းကွဲမှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.