သထုံ၊ စက်တင်ဘာ ၂၇
သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာ အုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။
စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာစိုင်းဟာ ဝင်းစိန်ကျေးရွာရှိ ၎င်းနေအိမ်မှ ကျေးရွာအတွင်းလမ်းသို့ ဆိုင်ကယ်ဖြင့် သွားနေစဉ် ဆိုင်ကယ်တစ်စီးဖြင့်လာသူ အမျိုးသား ၂ ဦးမှ အနောက်ကနေ အနီးကပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
“သေနတ်နဲ့ အနီးကပ်ပစ်ခံရတယ်လို့ ကြားတယ်။ ဆေးရုံမှာလို့တော့ သိရတယ်။ သေမသေတော့ မသိဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
သေနတ်ဖြင့် ပစ်ခတ်ခံရတာကြောင့် ဦးသာစိုင်းမှာ ယာဘက်နံကြား သေနတ်တစ်ချက်ထိမှန်(စိုးရိမ်ရ)ဒဏ်ရာတစ်ချက်ရရှိပြီး သထုံခရိုင်ဆေးရုံသို့ ပို့ဆောင်ကုသနေပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးသေနတ်ဖြင့် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်းစိန်ရွာသို့ ရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သထုံမြို့နယ်အတွင်းမှာ အခုတကြိမ် အပါအဝင်ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး အုပ်ချုပ်ရေးမှူး ၃ ဦး သေဆုံးထားပါတယ်
သတင်း-သံလွင်တိုင်းမ်