မော်လမြိုင်၊ စက်တင်ဘာ ၂၇

တိုက်ပွဲတွေကြောင့် တပတ်ကြာတိမ်းရှောင်ထွက်ပြေးခဲ့ရတဲ့ ကျောက်ကြီးမြို့နယ် လော်မူသော လော်မူပယ်က ဒေသခံရွာသားတွေဟာ မနေ့ကစပြီး ရွာဘက်ကို ပြန်လာနေကြပြီလို့ ဒေသခံတွေထံကနေ သိရပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့ကစပြီး ကေအဲန်ယူ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မြေနီကုန်းနဲ့ ဘုရားလေးကုန်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲကြောင့် အဲ့ဒီအနီးအနားက လော်မူသော လော်မူပယ်ရွာတွေက ဒေသခံဟာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၂ ကနေ ၂၄ ရက်နေ့အထိ သုံးရက်တာအတွင်း KNLA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး လော်မူသော လော်မူပယ် ရွာနှစ်ရွာက ဒေသခံ ၆၀၀ ကျော် တိမ်းရှောင်ထွက်ပြေးခဲ့ရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာပါ။

စက်တင်ဘာ ၂၅ ရက်နေ့က စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့လည်း ကေအဲန်ယူက ဆိုပါသေးတယ်။

စစ်ကောင်စီတပ်ဘက်က ပြန်လည်ဆုတ်ခွာသွားခဲ့တာကြောင့် နယ်မြေအခြေအနေတွေ ပြန်တည်ငြိမ်လာခဲ့ပြီး မနေ့ စက်တင်ဘာ ၂၆ ရက်နေ့ကတော့ လော်မူသောရွာက ရွာသားတွေပြန်လာကြပြီး ဒီကနေ့မှာတော့ လော်မူပယ်က ရွာသားတွေတချို့ပြန်လာကြတယ်လို့ ကျောက်ကြီးမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။



” လော်မူသောက မနေ့က ရွာကိုပြန်လာတယ်။ လော်မူပယ်က ဒီနေ့ပြန်လာတယ်။ တချို့ကတော့ နေခဲ့သေးတယး။ အခြေအနေရပေ့ါနော်။ သတိနဲ့ပဲ” လို့ ကျောက်ကြီးမြို့နယ် ဒေသခံတစ်ဦးက ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေအပြင် အခုလို စစ်ဘေးဒဏ်ကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံပြည်သူတွေအတွက် အခက်အခဲတွေ အများကြီး ကြုံနေရတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အခက်အခဲတော့ ကြုံတာပေါ့။ နဂိုသူတို့မပြေးခင်တကည်းက အဲ့ဒီဒေသခံ ပြည်သူတွေဟာ ကျပန်း လက်လုပ်လက်စားသမားတွေလေ။ ရောဂါကပ်ဆိုး အခြေအနေကတစ်မျိုး နိုင်ငံရေးက မကောင်းတော့ လုပ်ကိုင်စားသောက်နေရတာ ဘယ်အဆင်ပြေပါ့မလဲ။ ဒီလို စစ်ဘေးဒဏ်ကို မိုးတွင်းကာလမှာ ကြုံရတော့ ပိုခက်ခဲသွားတာပေါ့” လို့ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူက ပြောပြပါတယ်။

ဒေသခံကရင်လူမှုရေးရာအဖွဲ့ဟာ အခက်အခဲတွေ ကြုံဆုံနေရတဲ့ ဒေသခံပြည်သူတွေ အခြေခံလက်လုပ်လက်စားတွေကို ပြီးခဲ့တဲ့လက ဆန်ရိက္ခာတွေကို ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ကေအဲန်ယူ- ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ထိန်းချုပ်နယ်မြေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေဟာ (၅၀၀၀) ခန့်ရှိတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.