မော်လမြိုင်၊ စက်တင်ဘာ ၂၇

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က နယ်မြေကျူးကျော်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြုလုပ်တာကြောင့် KNLA တပ်မဟာ ၁ နဲ့ ပစ်ခတ်တိုက်ခတ်မှုတွေ မကြာခဏရှိလာတယ်လို့ ဒူးသထူခရိုင်က ထုတ်ပြန်ပါတယ်။

စစ်ရေးလှုပ်ရှားမှုကြောင့် တိုက်ပွဲတွေပိုမိုဖြစ်လာခဲ့ပြီး စစ်အုပ်စုဘက် အကျအဆုံးများတဲ့အပြင် ကျိုက်ထိုမြို့နယ်အတွင်းက ဒေသခံပြည်သူလူထု တစ်ထောင်ကျော်စစ်ဘေးရှောင်နေရတယ်လို့ ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့မနက်က ကျောက်ဖျားကျေးနယ် မဲရုံကြီးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၁ နဲ့ စစ်ကောင်စီ တပ်မ (၄၄) တို့ကြား တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အဲ့ဒီတိုက်ပွဲကြောင့် မဲရုံးကြီးရွာက ဒေသခံ ပြည်သူလူထုပိုင် ဆိုင်ကယ်၊ စားသောက်ကုန်ပစ္စည်းနဲ့ ငွေအပါဝင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း၆၀ နီးပါး ရှိတယ်လို့ ကေအဲန်ယူ ကျိုက်ထိုမြို့နယ် သတင်းနဲ့ပြန်ကြားရေးက ဆိုထားတာပါ။



စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက ကျိုက်ထိုမြို့နယ်အတွင်းမှာလည်း KNLA တပ်မဟာ ၁ နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သေးတာဖြစ်ကာ စစ်ကောင်စီဖက်က ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါသေးတယ်။

စက်တင်ဘာ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့က ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာနဲ့ မဲရုံးကြီးရွာက ဒေသခံပြည် ၄ ဦးဟာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ သွားခဲ့ပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့ကလည်း စစ်အုပ်စု တပ်မ ၄၄ လက်အောက်ခံတပ်ဖွဲ့တွေကို ခဝါချောင်းတံတားအနီးမှာ KNLA တပ်မဟာ ၁ က မိုင်းဆွဲတိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဘက်က ၂၅ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒူးသထူခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီဘက်က လက်နက်ကြီနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ် ။

လက်ရှိမှာ တိုက်ပွဲတွေကြောင့် ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးနယ် မဲရုံကြီးရွာက လူဦးရေ (၁၃၀၀) ၊ ပျဉ်းကတိုးကျေးနယ် မဲရုံးကြီး တိုးချဲ့ကွက်သစ် ဂူးကူအုပ်စုက လူဦးရေ (၁၂၀) ကျော်၊ ရွှေခဲရွာက လူဦးရေး (၁၆၀) ကျော် စုစုပေါင်း စစ်ဘေးရှောင်နေရသူဦးရေဟာ (၁၅၈၀) ရှိတယ်လို့ ကေအဲန်ယူ ဒူးသထူခရိုင်ရဲ့ ထုတ်ပြချက်အရ သိရပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.