မော်လမြိုင်၊ စက်တင်ဘာ ၂၇

ကေအဲန်ယူ – ထိန်းချုပ်နယ်မြေနယ်မှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတချို့က ဒေသခံပြည်သူများအပေါ်မှာ ခြိမ်းခြောက်အကြပ်ကိုင်ပြောဆိုမှုများ ရှိနေတယ်လို့ ကေအဲန်ယူ – ဗဟိုထုတ်ပြန်ချက်အရ သိရပါတယ်။

ကျေးရွာသားများအနေဖြင့် စစ်ကောင်စီရဲ့ အောက်ဆီဂျင်တည်ဆောက်ရေးလုပ်ငန်းအတွက် အလှူငွေမထည့်ပါက ဆေးရုံတွေမှာ ဆေးသွားကုရင် ကျန်းမာရေးထောက်ခံချက်မလုပ်ပေးဘူးလို့ အကြပ်ကိုင်ပြောဆိုခဲ့တယ်လို့ KNU ထိန်းချုပ်နယ်မြေက ဒေသခံတစ်ဦးက ပြောပါတယ်။

“အလှူငွေမထည့်ရင် ကျန်းမာရေး အခက်အခဲရှိလို့ တောင်ငူ၊ညောင်လေးပင် အဲလိုမြို့တွေမှာ ဆေးသွားကုရင် ထောက်ခံချက်လုပ်မပေးဘူးတဲ့။ တချို့ဒေသခံတွေက သွားလာရေးအတွက် အခက်အခဲရှိလို့ ပေးရတယ်။ သူတို့က ထောက်ခံစာနဲ့ အကြပ်ကိုင်တယ်။” လို့ ဒေသခံတစ်ဦးက ပြောသည်။

အောက်ဆီဂျင်စက်ရုံအတွက် တစ်အိမ်လျှင် ငွေကျပ် တစ်ထောင်ပေးဆောင်ရမယ်လို့ ကေအဲန်ယူ-ညောင်လေးပင်ခရိုင် မုန်းမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ အာဏာသိမ်းစစ်ကောင်စီမှခန့်အပ်သော ဝဲကြီးကျေးရွာအုပ်ချုပ်ရေးမှူး စောရေဝါးက ဒေသခံပြည်သူတွေကို ပြောဆိုခဲ့တာပါ။



အဲဒီအပြင် ကေအဲန်ယူ – ကျောက်ကြီးမြို့နယ် ပဒဲကောကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်မှ ကျေးရွာသားတွေကို အစည်းအဝေးခေါ်ယူခဲ့ကာ ဧည့်စာရင်းတိုင်ကြားရန်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ကြဖို့ ပြောဆိုခဲ့ပြီး လိုက်နာမှုမရှိရင် ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တို့မှာ မကြာခဏဆိုသလို ပစ်ခတ်မှုများဖြစ်လာအောင် ဖန်တီးနေသည့်အတွက် ဒေသခံပြည်သူများမှအကြောက်တရားများနဲ့ ရင်ဆိုင်နေရတယ်လို့ KNU ထုတ်ပြန်ထားပါတယ်။

အဲဒီအပြင် မနေ့ ညနေပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ် ခမရ(၅၉၉)၊ ခမရ(၅၉၀)နှင့် ခမရ(၃၄၉) ပူးပေါင်းကာ အင်အား(၂၀၀) ကျော်ခန့်တို့ဟာ ကေအဲန်ယူ-ညောင် လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ကြောင်ပြာကျေးရွာအရှေ့ဘက်ခြမ်းမှာ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကျေးရွာနေပြည်သူများနဲ့ အနီးပတ်ဝန်းကျင်ရွာမှ ဒေသခံတွေ အိမ်ခြေပေါင်း(၂၀)ကျော်နှင့် လူဦးရေ(၈၀)ဦးခန့်တို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကေအဲန်ယူ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.