မော်လမြိုင်၊ စက်တင်ဘာ ၂၆

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံအဖွဲ့တွေက စီးပွား​ရေးလုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ပြီး ငွေကြေး တောင်းခံတာတွေ မကြာခန ပြုလုပ်နေတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရဲ၊ စစ်သားနဲ့ ဌာနဆိုင်ရာအကြီးအကဲတွေကအစ အောက်ခြေဝန်ထမ်းများပါမကျန် ငွေကြေးတောင်းခံတာတွေကို ဆက်တိုက်ပြုလုပ်နေတာပါ။

လုပ်ငန်းခွင်နဲ့ နေအိမ်တွေအထိ ငွေကြေး လာရောက်တောင်းခံပြီး မပေးရင် ခြိမ်းခြောက်မှုတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီနောက်ပိုင်းကနေ ယနေ့အချိန်ထိ တောင်းခံနေတာဖြစ်ပြီး လုပ်ငန်းရှင်တစ်ဦးဟာ အနည်းဆုံး ကျပ်သိန်းတစ်ရာကျော် ပေးထားရပြီလို့ ဆိုပါတယ်။

” သူတို့တွေလာရင် ဟိုဟာလုပ်ဖို့၊ ဒီဟာလုပ်ဖို့အတွက် ငွေထည့်ပေးပါအုန်း၊ ရဲတွေ စစ်သားတွေ၊ ပြောရရင် ဌာနဆိုင်ရာအကြီးအကဲကအစ အောက်ခြေဝန်ထမ်းတွေအထိ လာတောင်းနေတာပါ။ တခါလာရင် အနည်းဆုံး ၅ သိန်းလောက်ပေးရတယ်၊ တချို့ဆို ပြည်နယ်/ခရိုင်ကိုလည်း ပေးရမယ် ထပ်ပိုပေးပါအုံးက ရှိသေးတယ်။ အနည်းဆုံးတော့ ကျပ်သိန်းတစ်ရာကျော်ပြီး ပေးရတာ”လို့ လုပ်ငန်းရှင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။



ငွေကြေးမပေးရင်တော့ လုပ်ငန်းလိုင်စင်နဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ ၊ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ခြိမ်းခြောက်မှုတွေကို ပြုလုပ်တယ်လို့ ဆိုပါတယ်။

” မပေးရင်တော့၊ ကိုယ့်လုပ်ငန်းထပ်မလည်ပတ်နိုင်အောင် အမျိုးမျိုးဖိအားပေးခြိမ်းခြောက်တာတွေ လုပ်တယ်လေ၊ ဥပမာ-လုပ်ငန်းလုပ်ငန်းလိုင်စင်သက်တမ်းတိုးပေးဖို့ကိစ္စလိုမျိုးပေါ့၊ အများကြီးပါပဲ ဒုက္ခပေးတာ၊ တချို့စစ်သားတွေဆို တခါမှလည်း မမြင်ဖူးဘူး၊ ဘယ်ကမှန်းလည်း မသိဘူး၊ လက်နက်အပြည့်နဲ့ လာတယ်၊ တောင်းတယ်၊ ပေးရတယ်ပေါ့” လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒါ့အပြင် ကျောက်မိုင်းလုပ်ငန်းတွေကိုလည်း အခွန်ငွေတွေ တိုးပေးဖို့ စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်ခဲ့တာ​ကြောင့် အချို့လုပ်ငန်းတွေ ရပ်တန့်လိုက်ပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.