မော်လမြိုင် ၊ စက်တင်ဘာ ၂၂

မော်လမြိုင်မြို့ပေါ် ရပ်ကွက်အများစုမှာ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ထမ်း မီတာစာရေးတွေက မီတာခဆောင်ဖို့ မီတာဘေစာရွက်တွေ လိုက်လံပေးဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မီတာဘေ လိုက်လံပေးဆောင်ရာမှာ အချို့ရပ်ကွက်တွေမှာ ၅ လစာ မီတာခပေးဖို့ အကြောင်းကြားလာသလို အချို့ရပ်ကွက်တွေမှာ ၇ လစာ မီတာခပေးဖို့ တောင်းခံလာတာ ဖြစ်ပါတယ်။

မီတာခတွေကို သက်ဆိုင်ရာ မြို့နယ်ရုံးတွေမှာ သွားရောက် အခွန်ဆောင်ကြဖို့နဲ့ သတ်မှတ်ရက်အတွင်း မီတာခ မဆောင်ရင် မီးဖြတ်မယ်လို့ ခြိမ်းခြောက်လာနေတာပါ။

“မီးတာခ မသွင်းရင် မီးဖြတ်မှာကို ကြောက်ပြီး သွားသွင်းတဲ့ သူတွေတော့ရှိတယ် ရပ်ကွက်ထဲမှာပေါ့၊ တချို့ကတော့ သွားသွင်းရင် ကောင်းမလား သူများတွေရော သွင်းလားဆိုပြီး စောင့်ကြည့်နေတဲ့ သူလည်းရှိတယ်၊ ကျွန်မတို့တော့ မသွင်းဘူး”လို့ မော်လမြိုင်မြို့ခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မီတာဘေ စာရွက်လာပေးရာမှာ မီတာခတွေကို တခါတည်း မသွင်းနိုင်ရင် သက်ဆိုင်ရာ လျှပ်စစ်ရုံးတွေနဲ့ ညှိနှိုင်းပြီး ခွဲဆောင်ကြဖို့ ပြောဆိုလာတာ ဖြစ်ပါတယ်။



မီတာဘေ စာရွက် လာပေးရာမှာလည်း အရင်က သုံးတာထက် ပိုမို များပြားနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“မီတာဘေ စာရွက်တော့ ရောက်လာပြီး၊ ၇ လစာအတွက် ၄ သိန်းကျော်ကျတယ်တဲ့၊ အဲလောက်မှာ မသုံးထားတာ၊ ပေးဖို့တော့ အစီအစဉ် မရှိဘူး”လို့ မြို့ခံပြည်သူ တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီဟာ သူရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ဖို့အတွက် အခွန်ရရှိအောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်နေတာ ဖြစ်သလို အခုအခါမှာတော့ မီတာခတွေကနေ အခွန် ရရှိဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ အိမ်သုံးမီတာခတွေကို ခြွင်းချက်မရှိ ကင်းလွတ်ခွင့်(အခမဲ့) ပေးအပ်ထားသလို လုပ်ငန်းသုံးမီတာခတွေကိုလည်း ဆိုင်းငံ့ထားတယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.