မော်လမြိုင်၊ စက်တင်ဘာလ ၂၀

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရသူတွေကို ရဲတပ်ဖွဲ့က လုံခြုံရေး မပေးလို့ အမှု စစ်ဆေးနိုင်ခြင်း မရှိဘူးလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပြည်သူတွေကို မတရားဖမ်းဆီးချုပ်နှောင်ပြီး နိုင်ငံတော်အကြည်ညိုပျက်စီမှုဆိုတဲ့ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တရားရုံးတွေမှာ အမှုအများစုကို ပြန်လည် စစ်ဆေးနေပေမယ့် ၅၀၅ (က) ဖြင့် တရားစွဲဆိုထားတဲ့ အမှုတွေကို စစ်ဆေးနိုင်ခြင်း မရှိသေးပါဘူး။

“၅၀၅(က) တွေကို ရဲတပ်ဖွဲ့က လုံခြုံရေးမပေးနိုင်လို့ဆိုပြီး အမှုမစစ်ဖြစ်ဘူး၊ အခု အမှုကို မကြာကြာအောင် လုပ်နေတာလို့ပဲ မြင်တယ်”လို့ ရှေ့နေ့ တစ်ဦးက ပြောပါတယ်။

၅၀၅(က) နဲ့ တရားစွဲဆိုခံထားရတဲ့သူတွေဟာ စစ်ကောင်စီရဲ့ ကိုဗစ်အကြောင်းပြချက်ကြောင့် မိသားစုနဲ့ တွေ့ခွင့်မရသလို အမှုစစ်ဆေနိုင်ခြင်း မရှိလို့ အကျဉ်းထောင်တွေထဲမှာ လနဲ့ချီပြီး ချုပ်နှောင်ခံနေရပါတယ်။။



“အခုက တွေ့လည်း မတွေ့ရသလို ဘာမှလည်း မသိရဘူး၊ တရားသူကြီး သွားမေးတော့လည်း မစစ်သေးဘူးလို့ပဲ ပြောတယ်၊ အမှုကို မြန်မြန်စစ်ပြီး မြန်မြန်အမိန့်ချစေတယ်”လို့ ၅၀၅(က) နဲ့ တရားစွဲဆိုခံထားရတဲ့ မိသားစုဝင် တစ်ဦးက ဆိုပါတယ်။

၅၀၅ (က)တွေကို ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ အကျဉ်းထောင်တွေထဲမှာ ကာလရှည် ချုပ်နှောင်ထားတာဟာ ဥပဒေသဘောအရ ကြိုတင်အပြစ်ပေးရာရောက်ကြောင်းနဲ့ တရားစွဲခံထားရသူ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးနေတယ်လို့ ရှေ့နေတွေက ဆိုကြပါတယ်။

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မတရားဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ပြည်သူ ၉၀ လောက်ကိုသာ အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်
ပုံစာအညွန်း-ပြီးခဲ့တဲ့ကာလတုန်းက မော်လမြိုင် တက္ကသိုလ် ကျောင်းသူ၊ကျောင်းသားတွေကို ရုံးထုတ် စစ်ဆေးစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.