မော်လမြိုင်၊ စက်တင်ဘာလ ၁၅

ပြည်ပ ဝယ်လိုအား ဆက်တိုက်မြင့်တက်လာတဲ့အတွက် ပဲဈေးနှုန်း ၂ ဆနီးပါး မြင့်တက်လာခဲ့တယ်လို့ မွန်ပြည်နယ် ပဲနှမ်းလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာတော့ အိန္ဒိယနိုင်ငံက အဝယ်လိုက်နေတဲ့ မတ်ပဲဈေးနှုန်းဟာ တစ်တင်းကို ကျပ် ၅၀၀၀၀ နီးပါးထိ ဈေးပေါက်နေတာ ဖြစ်ပါတယ်။

“မတ်ပဲက အိန္ဒိယက အဝယ်လိုက်နေလို့ ဈေးနှုန်းဆက်တိုက်မြင့်တက်နေတာ၊ အဓိကကတော့ ပဲလက်ကျန်လည်း မရှိတော့တာပါတယ်” လို့ မွန်ပြည်နယ် ပဲ၊နှမ်းလုပ်ငန်းရှင်းများအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက မတ်ပဲဈေးနှုန်းဟာ တစ်တင်း ကျပ် ၂၃၀၀၀ ခန့်သာရှိရာမှ စက်တင်ဘာလအရောက်မှာတော့ တစ်တင်း ကျပ် ၄၉၀၀၀ ထိ ဈေးနှုန်းမြင့်တက်လာပြီး၊ ပဲပုတ်မှာလည်း တစ်တင်း ကျပ် ၂၂၀၀၀ မှ ကျပ် ၄၉၀၀၀ ထိ ၊ ပဲတီစိမ်းမှာလည်း ကျပ် ၃၀၀၀၀ ကနေ ကျပ် ၄၀၀၀၀ ထိ ဈေးနှုန်းမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ပဲဈေးနှုန်း ဆက်တိုက်မြင့်တက်လာပေမယ့် ပဲထွက်ရာသီမဟုတ်တဲ့အတွက်ကြောင့် ပဲစိုက်တောင်သူတွေ အကျိုးအမြတ် ခံစားရခြင်း မရှိပါဘူး။

“ပဲဈေးနှုန်း ဆက်တိုက်တက်နေတယ်လို့ ကြားတယ်၊ သူဟာသူတက်ပဲ၊ ကျွန်တော်တို့ ရောင်းတုန်းက တစ်တင်းမှ ၂၀၀၀၀ ကျော်ကျော်ပဲ ရတယ်၊ အခုဆိုရင် ဝဲဈေးတို့ အလုပ်သမားဈေးတွေ ဒီလောက်တက်နေတာ၊လာမယ့်နှစ် ပဲစိုက်ဖို့ တော်တော်ကြိုးစားရမယ်”လို့ ပဲစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

ဒါကြောင့် လာမယ့် ပဲစိုက်ရာသီအချိန်မှာ မြေဩဇာ စတဲ့ သွင်းအားစု ကုန်စည်တွေ ဈေးကျအောင် လုပ်ပေးဖို့ လိုသလို၊ တောင်သူတွေအတွက် ချေးငွေတွေကိုလည်း ပိုတိုးမြင့် ထုတ်ပေးဖို့ လိုတယ်လို့ ပဲစိုက်တောင်သူတွေက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ပဲပုတ်၊ ပဲတီစိမ်းနဲ့ မတ်ပဲတွေကို ရေးမြို့နယ်ကလွဲပြီး ကျန်မြို့နယ် ၉ မြို့နယ်တွေ အဓိကထား စိုက်ပျိုးနေပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.