ထားဝယ်၊ စက်တင်ဘာလ ၁၆
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်မှာ အဖမ်းခံထားရသူ (၂၀၀) ကျော်ရှိပြီး အဲ့ဒီအထဲက လူဉီးရေ (၅၀)နီးပါးကိုတော့ ထောင်ဒဏ်ချမှတ်လိုက်ပြီး ဖြစ်ပါတယ်။
အဖမ်းခံရသူတွေထဲမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ လူငယ်အမြောက်အများ ပါဝင်သလို သာမာန်အရပ်သား ပြည်သူတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေကတော့ ပြစ်ဒဏ် (၂)နှစ်ကနေ (၄)နှစ်အထိ အမိန့်ချခံလိုက်ရပြီး ကျန်တဲ့သူတွေကတော့ အချုပ်တွေမှာ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။
“ထားဝယ်မှာက စကစ အာဏာသိမ်းကတည်းက အကြောင်းအမျိုးမျိုးနဲ့ ဖမ်းခံရသူတွေ အများကြီးဘဲ။ လမ်းမှာ ဖုန်းစစ်ရင်းလည်း ဖမ်းတာဘဲ။ အိမ်တွေမှာလည်း လိုက်ဖမ်းတာဘဲ။ ခံဝန်နဲ့ပြန်လွတ်လာသူတွေရှိသလို ပြန်မလွှတ်ပေးဘဲ ဖမ်းထားတဲ့သူတွေလည်းရှိတယ်။ အချို့ဆို ဘာမှ မဆိုင်လည်း ဖမ်းခံထိနေတာဘဲ။ အလုပ်ရှိလို့ လမ်းထွက်ရင်တောင် ကြောက်နေရတယ်။ ဘယ်အချိန်အဖမ်းခံရမလဲဆိုပြီး။ ကြားမိတာတော့ ပြန်မလွှတ်ပေးဘ ဖမ်းခံထားရသူတွေက ၂၀၀ လောက်ရှိပြီ ဆိုလားဘဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ထားဝယ်မြို့ပေါ်က လူငယ်တွေကတော့ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ်တွေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြမြဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေကတော့ မြိုပေါ်မှာ စစ်ဆေးရေးတွေကို ပိုမိုတင်းကျပ်နေပြီး မသင်္ကာသူတွေကိုလည်း အကြောင်းပြချက်မရှိ ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။
နိုင်ငံတဝှမ်းမှာတော့ စက်တင်ဘာလ (၁၅)ရက်နေ့အထိ အဖမ်ခံထားရသူ (၈၀၀၀)ကျော်ရှိပြီး သေဆုံးသူကတော့ (၁၁၀၀) နီးပါး ရှိပြီးလို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Dawei Watch