ကျိုက်ထို၊ စက်တင်ဘာ ၁၅
ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်ပေါ်မှာ စစ်ကောင်စီတပ်စွဲထားပြီးနောက်
တောင်အနီးက ဆင်ချောက်ရွာကို စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ လျှပ်စစ်မီး ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။
ဆင်ချောက်ကျေးရွာဟာ ကျိုက်ထီးရိုးတောင် ရဟတ်ယာဉ်ကွင်းဘက်အနီးရှိ ကျေးရွာဖြစ်ပါတယ်။
ကျိုက်ထီးရိုးတောင်ပေါ်မှာ စက်တင်ဘာလ ၁၀ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော် ဒုတိယအကြိမ်ရောက်ရှိပြီး တပ်စွဲနေတာ ဖြစ်ပါတယ်။
“တပ်က ခုတစ်ကြိမ်လာတာ ဒုတိယအခေါက်ပေါ့။ ပထမအခေါက်က လာပြီ ပြန်ဆင်းသွားတယ်။ တပ်ကအဖွဲ့တွေက ခုလောလောဆယ်တော့ သူဟာသူနေနေတာတော့တွေ့တယ်။ နောက်တော့ဘယ်လိုလာမလဲ မသိသေးဘူး။ မနေ့က တောင်ပေါ်ကို နယ်လုံလာသွားတယ်။ သူပြန်သွားတာနဲ့ဆင်ချောက်က လျှပ်စစ်မီးမရတော့ဘူး။ ခုချိန်က နိုင်ငံရေးက အခြေနေမကောင်းတော့ ညရေးညတာ လျှပ်စစ်မီးမရှိရင် ဘယ်သူဘယ်ဝါမသိရလို့ ကိုယ့်မိသားစုလုံခြုံရေးအတွက် စိုးရိမ်နေရတယ်။ ပြီးတော့ မီးမရှိရင် ရေတင်ဖို့အခက်ခဲ၊ ဖုန်းအားသွင်းလို့မရရင် သတင်းအချက်လက်တွေလည်း မသိရတော့ဘူး။ ခု မီးဖြတ်ခံထားရတာ ဆင်ချောက်တစ်ရွာဘဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဆင်ချောက်ကျေးရွာမှာ ကျိုက်ထီးရိုးဂေါပကအဖွဲ့က ပေးသော လျှပ်စစ်မီးကိုသာ အသုံးပြုနေရတာဖြစ်ပြီး ယခု လျှပ်စစ်မီးဖြတ်ခံရသည်မှာ ဒုတိယအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
NLD အစိုးရလက်ထက် ကိုဗစ်-၁၉ ပထမလှိုင်းကာလအတွင်းမှာလည်း ကျိုက်ထီးရိုး တောင်ပိတ်ချိန်မှာ
တစ်တောင်လုံး အတိုင်းအတာနဲ့ လျှပ်စစ်မီးဖြတ်တောက် ခံခဲ့ရပါတယ်။
သြဂုတ်လ ၂၉ ရက်နေ့ကလည်း ကျိုက်ထီးရိုး ရေတံခွန်လမ်း ဝိဇ္ဇာတောင်အနီး တောတွင်းမျှစ်ချိုးသွားသော ဒေသခံ လူငယ်တစ်ဦး မိုင်းထိပြီးနောက် ဒေသခံတွေက တောတွင်း လုပ်ကိုင်ရှာဖွေစားသောက်မှုလုပ်ငန်းတွေကို မသွားရဲတော့ဘူးလို့ ဆိုပါတယ်။
သတင်း – သံလွင်တိုင်းမ်