ဘီးလင်း၊ စက်တင်ဘာ ၁၃

ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာမှာ တပ်စွဲထားတဲ့ ခမရ(၄၀၆)နဲ့ အမှတ်(၁၀၁၄)BGF ပူးပေါင်းအဖွဲ့က စခန်းပြုပြင်ဖို့ဆိုပြီး ဒေသခံတွေကို သစ်နဲ့ဝါး လာပေးဖို့ ဖိအားပေးစေခိုင်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကိုပြောပါတယ်။

စခန်းပြုပြင်ဖို့ လေးကေနဲ့ ကျောက်ဖျာကျေးရွာက ဒေသခံတွေကို တစ်အိမ် ဝါး (၁၀)လုံးနဲ့ သစ် ၂ ချောင်းခုတ်ပြီး စခန်းကိုပို့ပေးဖို့ ဖိအ‌ားပေး ခိုင်းစေနေတာ ဖြစ်ပါတယ်။

“သူတို့စခန်းပြင်ဖို့တဲ့။ ဒီဘက်မှာက ခုက သစ်ဝါးရှားလာတော့ တချို့ရှာမရသူတွေက ဝယ်ပို့ပေးနေရတယ်။ ရွာသားတွေကြောက်လို့ လုပ်ပေးနေရတယ်။ သစ်ဝါးက ကိုယ်လိုချင်ရင်တောင်ရာဖို့မလွယ်တဲ့ဟာ။ အတင်းအဓမ္မမပေးမနေရပုံစံနဲ့တောင်းတာ။ အရင်တစ်ခါကလည်း တောင်းလို့ ပေးပြီးပြီ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စခန်းပြုပြင်ဖို့ဆိုပြီး သစ်ဝါးတွေကို ဇူလိုင်လ ဒုတိယအပတ်တုန်းက တစ်ကြိမ်၊ စက်တင်ဘာလ ၆ ရက်နေ့မှာ ဒုတိယအကြိမ်ထပ်မံတောင်းလာတာ ဖြစ်ပါတယ်။

လေးကေကျေးရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့မှာ အင်အား (၉၅) ဦးရှိပြီး ခမရ(၄၀၆)တပ်ရင်းမှ တပ်ရင်းမှူး ကျော်ကျော်လတ်နဲ့ BGFတပ်မှ တပ်ခွဲမှူးကျော်လဲ တို့ဦးဆောင်လုပ်ကိုင်နေတယ်လို့ KNU ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြစ်ကျိုးကိုရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေက ကြသောင်းဆိပ်ဘက်ကို ဆက်လက်ထွက်ခွာဖို့ ဒေသခံတွေကို ကားရှာခိုင်းနေတာတွေရှိတယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.