မော်လမြိုင် ၊ စက်တင်ဘာ ၁၃

မွန်ပြည်နယ်မှာ (၂)လနီးပါး ပိတ်ထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ရုံးတွေကို ဒီကနေ့ စက်တင်ဘာလ (၁၃)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ကညန ရုံးတွေကိုတော့ ကိုဗစ်ကပ်ရောဂါ အခြေအနေတွေကြောင့် စစ်ကောင်စီက နိုင်ငံတော်ရဲ့ အများပြည်သူ ရုံးပိတ်ရက် အဖြစ်သက်မှတ် လိုက်တဲ့နေ့ ဇူလိုင်လ (၁၇)ရက်ကနေ့ စတင်ပိတ်ခဲ့ပြီး စက်တင်ဘာလ (၁၂)ရက်နေ့ထိ ပိတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ မှာတော့ မော်တော်ယာဉ် သက်တမ်းတိုးတာတွေ၊ မော်တော်ယာဉ် ကနဦး မှတ်ပုံတင်ခြင်း လုပ်ငန်းတွေနဲ့ တခြား ဝန်ဆောင်မှု လုပ်ငန်းတွေကို လုပ်ဆောင် ပေးနေတယ်လို့ မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။

“အခုက မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် သက်တမ်း တိုးခြင်း၊ မော်တော်ဆိုင်ကယ်များ ကနဦး မှတ်ပုံတင်ခြင်းနဲ့ တခြားမှတ်ပုံတင် ဝန်ဆောင်မှု လုပ်ငန်းတွေပေါ့။ အဲ့တာပဲ လုပ်သေးတယ်၊ ယာဉ်မောင်းလိုင်စင် အသစ်ထုတ်ပေး တာတွေကိုတော့ ရုံးချုပ်က ပြန်လုပ်ပါလို့ အမိန့် မလာသေးဘူး၊ ယာဉ်မောင်း လိုင်စင်မှာတော့ အမောင်းသင် လိုင်စင်အသစ် ထုတ်ပေးခြင်း အဲ့တာတော့ လုပ်ပေးနေတယ်” လို့ မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကညနက ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်ပေးတဲ့ နေရာမှာ ကိုဗစ်ကပ်ရောဂါ အခြေအနေတွေကြောင့် လူဦးရေ ကန့်သတ်ပြီး တုံကင် စနစ်နဲ့ လုပ်ဆောင်ပေးနေသလို လုံခြုံရေး အတွက်လည်း အဝင်တွေမှာ လုံခြုံရေးတွေ ချထားပြီး ဆောင်ရွက် ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကညန ရုံးမှာ လုပ်ပေးနေတာတော့ တွေ့တယ်၊ အခုပြန်ဖွင့်တယ်ဆိုတော့ လူတော့ များတာပေါ့၊ တုံကင်ဆိုလည်း အဲ့ဒီက ပွဲစားတွေပဲ အရ များတာပေါ့၊ ကျွန်တော်တို့က လူများတော့ ရောဂါကူးမှာရယ် နောက်ပြီး ဗုံးပေါက်တာတွေ ဘာတွေ ဖြစ်မှာ ဆိုးလို့ သွားမလုပ် ရသေးဘူး”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ကညနကဆောင်ရွက်ပေးမှု အနေဖြင့် တစ်ရက်ကို ကားအစီးရေ(၁၀၀)နဲ့(၁၅၀)ကြား ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

မော်တော်ဆိုင်ကယ် အနေနဲ့ အနည်းဆုံး အစီးရေ (၃၀၀)ကနေ အများဆုံး (၁၀၀၀)ကြား ဆောင်ရွက်ပေး နေပြီး အမောင်းသင် လိုင်စင်ကိုတော့ အနည်းဆုံး (၅)စောင်နဲ့ အများဆုံး(၃၀)ကြား လုပ်ပေးနေတယ်လို့ သိရပါတယ်။

ယနေ့မှစပြီး နိုဝင်ဘာလ (၃၀)ရက်နေ့အတွင်း လာလုပ်သူတွေကိုတော့ ရက်လွန်ဒဏ်ကြေးလျှော့ပေါ့ပေးမှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်း လာလုပ်သူတွေကတော့ ပုံမှန်အတိုင်း ရက်လွန်ဒဏ်ကြေးဆောင်ရမယ်လို့ ကညနက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.