ရေး၊ စက်တင်ဘာ ၁၃

မွန်ပြည်နယ်၊ ရေးမြို့နယ် စုံနံ့သာကျေးရွာမှာ စက်တင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးရောင်းသူ တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ဖမ်းဆီးတာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေဆုံးသွားတဲ့ အထွန်း(ခ) ထွန်းနိုင် နေအိမ်မှာ ရှိနေစဉ် စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲအင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် အထွန်း (ခ) ထွန်းနိုင်မှာ ဝဲဘက်တင်ပါး ပေါက်ထွက်ဒဏ်ရာရရှိခဲ့ပြီး၊ ရေးမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးနေစဉ် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“ရွာကို စစ်သားတွေရော၊ ရဲတွေရောအများကြီးရောက်လာတယ်။ နောက်ပစ်ခတ်သံတွေကြားရတယ်။ လူတွေက ကြောက်ကြတာပေါ့။ နောက်မှ မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်နေတဲ့သူတွေကို လာဖမ်းတာလို့ သိရတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးသွားတဲ့ အထွန်း (ခ) ထွန်းနိုင်ထံက မူးယစ်ဆေးဝါး အပြား (၈၀၀) နီးပါးနဲ့ဘိန်းဖြူ (၁၅၀) ဂရမ်ခန့် ရှာဖွေသိမ်းဆည်းရမိခဲ့တဲ့အပြင် သေနတ်မောင်းတုန်းတစ်ခု နဲ့ ပြောင်းမပါတဲ့ လုပ်သေနတ်ဒင်တစ်ခုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

လက်ရှိမှာတော့ သေဆုံးသွားတဲ့ အထွန်း (ခ) ထွန်းနိုင် ကို ရေးမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းစေတဲ့ မူးယစ်ဆေးဝါး ဥပဒေ ပုဒ်မ – ၁၉ (က) အမှုဖွင့်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.