မော်လမြိုင်၊ စက်တင်ဘာလ ၁၃

စစ်တပ် အာဏာသိမ်းပြီး ၇ လတာကာလအတွင်း မွန်ပြည်နယ်အတွင်းက မွေးမြူရေးလုပ်ငန်း ၄၀ ရာခိုင်နှုန်းထက်မနည်း အပြီးပိုင် ရပ်ဆိုင်းသွားရပြီးလို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွေးမြူရေးလုပ်ငန်းတွေဟာ အစာ ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေး ခက်ခဲလာတာ၊ ရင်းနှီးဖို့ ငွေကြေးမရှိတော့တာ၊ ဝယ်လိုအား လျော့ကျလာလို့ ရပ်ဆိုင်းသွားကြတာ ဖြစ်ပါတယ်။

“လုပ်ငန်း ၄၀ ရာခိုင်နှုန်းလောက်က ရပ်နေကြပြီး ဆက်ပြီး ရင်းနှီးဖို့က အရင်းနှီးမရှိကြတော့ဘူး၊ပြီးတော့ သွားရေးလာရေး အခက်အခဲတွေ ရန်ကုန်က အသားဒိုင်တွေကလည်း နယ်ဘက်ကို ဆင်းဝယ်တာ အဝယ်ရပ်သွားတယ်၊ အားလုံးက တော်တော်အခက်အခဲ ဖြစ်နေကြတယ်” လို့ မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မွေးမြူရေးလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းနဲ့ ကိုဗစ်တတိယလှိုင်း သက်ရောက်မှုဒဏ်ကို အကြီးအကျယ် ခံစားနေရပါတယ်။

တဖက်မှာတော့ သွင်းအားစု ကုန်ပစ္စည်းတွေ ဖြစ်တဲ့ အစာဈေးနှုန်းမှာလည်း အရင်က တစ်အိတ် ကျပ် ၂၀၀၀၀ ကျော်သာရှိခဲ့ရာမှ အခုဆိုရင် တစ်အိတ် ကျပ် ၄၀၀၀၀ ထိ ဈေးနှုန်းမြင့်တက်နေတာ ဖြစ်ပါတယ်။

မွေးမြူရေးလုပ်ငန်းတွေဟာ ကိုဗစ်တတိယလှိုင်းမှာ စားသောက်ဆိုင်တွေ ပိတ်တာ၊ ထိုင်းနိုင်ငံကနေ မှောင်ခိုဝင်ရောက်လာတဲ့ မွေးမြူထွက်ကုန်ပစ္စည်းတွေကြောင့် ဈေးကွက်ပျက်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။

“အစာဈေးတွေက မြင့်နေပြီး အသားဈေးက ရောင်းတဲ့ အခါကျတော့ အရမ်းနည်းနေတယ် ထုတ်လုပ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေက မညီမျှတော့ လုပ်သလောက်ကို အရှုံးပေါ်နေတယ်၊ ပြီးတော့ ထိုင်းကနေ ကြက်အရှင်တွေ ဝက်အရှင်တွေ ဥ တွေ သွင်းလာကြတာကြောင့်လည်း ဈေးကွက်တွေ ပျက်သွားတာ ”လို့ မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အာဏာသိမ်း စစ်ကောင်စီက မွေးမြူရေးလုပ်ငန်းတွေ လုပ်ငန်းပြန်လုပ်နိုင်ဖို့အတွက် ချေးငွေ ထုတ်ပေးဖို့ စီစဉ်နေပါတယ်။

မွေးမြူရေးလုပ်ငန်းရှင်တွေကတော့ ထိုင်းနိုင်ငံက မှောင်ခိုဝင်‌ေရာက်လာတဲ့ မွေးမြူရေးထွက်ကုန်ပစ္စည်းတွေ မထိန်းချုပ်နိုင်ရင် ရေရှည်မှာ မွန်ပြည်နယ်ရဲ့ မွေးမြူရေးကဏ္ဍ ပြန်ပြီး နလံထူဖို့ မလွယ်တော့ဘူးလို့ ဆိုကြပါတယ်။

မွန်ပြည်နယ်ဟာ နှစ်စဉ် ဥစားကြက်နဲ့ အသားကြက် အကောင် သိန်းချီ မွေးမြူရေးနေတဲ့ ပြည်နယ် တစ်ခု ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.