မော်လမြိုင်၊ စက်တင်ဘာ ၁၃
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းလို့ ဒီကနေ့ စက်တင်ဘာ ၁၃ ရက်နေ့ ရုံးချိန်းမှာ အမှုစစ်ဆေးနိုင်ခြင်း မရှိဘူးလို့ ရှေ့နေ ဦးခင်မောင်ဇော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည့် အပါအဝင် သမ္မတဦးဝင်းမြင့် နဲ့နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့ အမှုအတွက် နေပြည်တော်က အထူးတရားရုံးမှာ စစ်ဆေးဖို့ စီစဉ်ထားခဲ့တာပါ။
“ရုံးထဲ ဝင်လာခြင်းခြင်း သူ့ ကြည့်ရတာ နေမကောင်းတဲ့ ပုံပေါ်တယ်၊ မျက်နှာနီနေတယ်၊ နောက်တခါ မျက်လုံးတွေလည်း နီနေတယ်၊ ချွေးတွေလည်း ထွက်နေတယ်၊ ကျွန်တော်တို့ ဝိုင်းမေးတော့ နေလို့ သိပ်မကောင်းဘူးတဲ့၊ ကားဆောင့်တာလို့ ပြောတယ်၊ လာတဲ့အခါ ကားက အရမ်းခုန်တယ်၊အဲဒီမှာ ခေါင်းမူးသွားတယ်လို့ ပြောတယ်”လို့ ဦးခင်မောင်ဇော်က ဆိုပါတယ်။
ဆက်ပြီးတော့ ဦးခင်မောင်ဇော်က “ကျွန်တော်တို့ ဆွေးနွေးတော့လည်း အရင်က နာရီဝက်လောက် ဆွေးနွေးနေကျ၊ အခုက ၁၀ မိနစ်လောက်ပဲ ဆွေးနွေးနိုင်တယ်၊ နောက်နေ့ကျမှ ဆွေးနွေးတာပေါ့၊ အခုက သိပ်ပြီး စကားပြောလို့ မကောင်းဘူးတဲ့၊ ကျွန်တော်တို့လည်း တိုတိုနဲ့ပဲ ဖြတ်လိုက်ရတယ်”လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေထိုင်မကောင်းတဲ့အတွက်ကြောင့် တရားရုံးမှာ ခွင့်တိုင်ပြီး အဲဒီအမှုအတွက် စက်တင်ဘာ ၂၀ ရက်နေ့ကို ရုံးချိန်းရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
ဒါပေမယ့် မနက်ဖြန် စက်တင်ဘာ ၁၄ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေအတွက် ရုံးချိန်း ဆက်ရှိမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုစစ်ဆေးနိုင်ခြင်း မရှိပေမယ့် သမ္မတ ဦးဝင်းမြင့်ကို စွဲဆိုထားတဲ့အမှုအတွက် တရားလိုပြ သက်သေတစ်ဦးကို စစ်ဆေးနိုင်ခဲ့ပါတယ်။
သတင်း- သံလွင်တိုင်းမ်