ထားဝယ်၊ စက်တင်ဘာလ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ၊ ဆန်းချီရပ်ကွက်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညက အသက်မပြည့်သေးသည် မိန်းကလေး ၂ ဦးအပါအဝင် စုစုပေါင်း ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အဆိုပါ မိန်းကလေးတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်သည်ဟု အကြောင်းပြချက်နဲ့လာရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေမှာ အသက် ၁၀ နှစ်အရွယ် မအိမြတ်ချယ်၊ အသက် ၁၅ နှစ်အရွယ် မယွန်းယွန်းနဲ့ အသက် ၂၀ နှစ်အရွယ် မမြတ်ဆုမွန်တို့ ၃ ဦးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဆိုပါ မိန်းကလေးတွေနေအိမ်မှ ဖုန်း ၁၀ လုံးခန့်ကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

“ညက ရပ်ကွက်ထဲကို စစ်ကောင်စီတပ်သားတွေ အင်အားအများကြီးဘဲ ဝင်စစ်တယ်။ မိန်းကလေး ၃ ယောက်ကိုလဲ ဖမ်းသွားတယ်။ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေလဲပါတယ်။ ဘယ်ခေါ်သွားလဲတော့မသိဘူး”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကိုပြောပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆန်းချီရပ်ကွက်၊ အိမ်ရှေ့ပြင်၊ ဆင်ဆိပ်တို့အပြင် မြို့တွင်းနေရာတော်တော်များများမှာ စစ်ဆေးမှုတင်းကြပ်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.