မော်လမြိုင်၊ စက်တင်ဘာ ၁၃

ကျိုက်ဒုံဒေသမှာ စစ်ဘေးကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ ဒေသခံရွာသားအချို့ ကိုဗစ်လက္ခဏာနဲ့ သေဆုံးတာတွေရှိနေပြီး စစ်ဘေးရှောင်သူတွေအတွက် ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေထဲမှာ အများစုက ကိုဗစ်ရောဂါကူးစက်ခံနေရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ဘေးရှောင်ရွာသား နှစ်ဦး ကိုဗစ်ရောဂါလက္ခဏာနဲ့ သေဆုံးသွားခဲ့တယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“သူ့လက္ခဏာတော့ ကျနော်တို့ ကြည့်ရသလောက်တော့လက္ခဏာက ကိုဗစ်သက်သက်ပဲရော။ ချောင်းဆိုးလည်းဆိုးတယ် လည်ပင်လည်းနာတယ် ။ အပူလည်းတက်တယ် အသက်ရှုလည်းမရ ကြပ်တယ်ပေါ့နော်။ ကျန်တဲ့လူတွေကတော့ နည်းနည်းလျော့သွားပြီ။ ဘာဖြစ်လို့လည်းဆိုတော့ တောထဲမှာ ဆေးရွက်လေးတွေအမြစ်လေးတွေ ဒီလိုပဲကုပြီးတော့ ဒါပဲသောက်ပြီးတော့ တချို့ကလူတွေက ပြန်သက်သာနေပြီ။း ဒါပေမဲ့သူက သက်သာရုံပေါ့နော်။ အခြေအနေကတော့ အားလည်းမပြည့်သေးဘူးပေါ့နော်။ အာဟာရဓာတ်လည်း မရသေးဘူး”လို့ စစ်ရှောင်အရေး ကူညီပေးနေသူက ဆိုပါတယ်။

ရက်ပေါင်း ၂၀ ဝန်းကျင် တိမ်းရှောင်ထွက်ပြေးနေရတဲ့ ကျိုက်ဒုံဒေသက စစ်ဘေးရှောင်တွေဟာ တောထဲနဲ့ ထိုင်း- မြန်မာနယ်စပ်မှာ ကျန်ရှိနေသေးပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်ကူညီမှုတွေ မရရှိတဲ့အပြင် စစ်ရှောင်တွေအတွက် ဆေးဝါး အဓိကလိုအပ်တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

တောထဲမှာကျန်ရှိနေသေးတဲ့စစ်ဘေးရှောင်တွေအတွက် ဆေးဝါးတွေ အသုံးအဆောင်ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေကို တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးထားတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။

“ကျန်းမာရေးစောင့်ရှောက်ကတော့ မရှိတော့ဘူး အခုလောလောဆယ်က ကျနော်တို့တတ်နိုင်သလောက်ပေါ့။ ကျနော်တို့ တတ်နိုင်သလောက် ဆေးတွေ လိုက်ဝယ်ပေးတယ်။ များများတော့ မရဘူးပေါ့နော်။ လိုအပ်တာ အရေးကြီးဆုံးက ဆေးဝါးပဲ” စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က စပြီး ကေအဲန်ယူ ဒူးပလာယာခရိုင်အတွင်း နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တို့ကြား စစ်ရေးတင်းမာမှုတွေရှိခဲ့ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ရတာပါ။

တိုက်ပွဲကြောင့် ဒေသခံပြည်သူလူထု ၅၀၀ ဝန်းကျင်ဟာ တောထဲထောင်ထဲကို စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ ကေအဲန်ယူ ဒူးပလာယာခရိုင် တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံ- ကော့ကရိတ်လမ်းပေါ်မှာရှိတဲ့ ကွင်းကလေး ကြိတ် ပိုင်ကလာဒုံ ကျေးရွာအုပ်စုအထိ နယ်မြေကျူးကျော်ရောက်ရှိလာတဲ့ စစ်အုပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကစပြီး အဲ့ဒီဒေသကနေ ပြန်လည်ထွက်ခွာသွားခဲ့တာပါ။

စစ်အုပ်စု ပြန်လည်ထွက်ခွာသွားခဲ့တာကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူအချို့ ရွာထဲကိုပြန်လည်ဝင်ရောက်နေထိုင်လာပြီး တချို့ကတော့ တောထဲနဲ့ ထိုင်းမြန်မာနယ်စပ်နေရာမှာ ကျန်ရှိနေကာ လက်ရှိအခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.