ဘီးလင်း၊ စက်တင်ဘာ ၁၃

ဘီးလင်းမြို့နယ်ရှိ ကြသောင်းဆိပ်ရွာသို့ သွားရန် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ မြစ်ကျိုးရွာကို ရောက်ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့မှာ လေးကေ ကျေးရွာရှိ ခလရ(၈)လက်အောက်ခံ စစ်ကောင်စီတပ်နဲ့ BGF အဖွဲ့တို့ဖြစ်တယ်လို့ ဆိုပါတယ်။

“မနေ့ကတည်းက လေးကေဘက်က တက်လာကြတယ်။ ကြသောင်းဆိပ်တက်ဖို့လို့တော့ သိရတယ်။ မရောက်လာကြဘဲ မြစ်ကျိုးမှာ နားနေတယ်လို့ သိရတယ်။ အင်အားတော့များတယ်။ ရိက္ခာတွေလဲပါတယ်။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မြစ်ကျိုးကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ တပ်ချထားတယ်လို့ KNU နယ်မြေအတွင်း ဒေသသတင်းတွေကို ဖော်ပြနေတဲ့ Salween Press က ဖော်ပြထားပါတယ်။

“မနေ့က တက်သွားတာ လေးကေစခန်းကအဖွဲ့တွေဖြစ်မယ်။ ကြသောင်းဆိပ်ဘက်သွားတာ။ အချိန်မရလို့ မြစ်ကျိုးဘက်မှာ ဝင်တာဖြစ်မယ်။ ဒီလိုအကြောင်းမကြားဘဲ သွားလာနေတာကတော့ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်လာနိုင်တယ်”လို့ Knu တပ်တပ်မဟာ(၁)မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိ ကြသောင်းဆိပ်ကျေးရွာဘက်သို့ တက်လာသော စစ်ကောင်စီတပ်ဖွဲ့မှာ စက်တင်ဘာလ ၃ ရက်နေ့က သထုံမြို့နယ် ပုရစ်ခိုကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ပိန္နဲတောရှိ ခလရ(၈)အတွင်း ဝင်ရောက်နေထိုင်ခဲ့ရတဲ့ အဖွဲ့ဖြစ်တယ်လို့လဲ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.