ကျိုက်ထို၊ စက်တင်ဘာ ၁၃

ကျိုက်ထိုမြို့နယ်က ခြံလုပ်သားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေက တောင်းယူနေလို့ လုပ်သားတွေအကြားမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ပွင့်လင်းရာသီရောက်ပြီးဖြစ်လို့ လယ်ယာလုပ်သားတွေနဲ့ ရာဘာခြံလုပ်သားတွေဟာ နံနက်စောစောနဲ့ ညနက်ပိုင်းတွေမှာ လုပ်ငန်းခွင်ထဲ ဝင်ရမှာဖြစ်လို့ လုံခြုံရေးအတွက် အလုပ်သမားကတ်ပြားထုတ်ပေးမယ်ဆိုကာ ကိုယ်ရေးအချက်အလက်တွေ တောင်းခံနေတာ ဖြစ်ပါတယ်။

“ဒီလိုမျိုးက တစ်ခါမှလည်း မရှိဘူးလေ။ လုပ်သားတွေရဲ့ အချက်လက်တောင်းတာ။ ခုကပေးရမယ်ဆိုတော့ ဘာလုပ်ရမှန်းမသိဘူး။ သူတို့ပြောတာတော့ လုပ်သားတွေရဲ့ လုပ်ငန်းခွင်လုံခြုံရေးအတွက် လုပ်သားကဒ်ထုတ်ပေးမယ်လို့ပြောတာဘဲ။ ကျွန်တော်တို့က ခုထိတော့မပေးရသေးဘူး။ လုပ်သားတွေကလည်း မပေးချင်ဘူး။ သူတို့ဘက်က တစ်ခုခုဖိအားပေးလာရင်တော့ တစ်မျိုးစဉ်းစားရမှာပေါ့”လို့ ဒေသခံ ရာဘာလုပ်ငန်းရှင်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ယခုလို ကိုယ်ရေးအချက်အလက်ကို တောင်းခံတာနဲ့ပတ်သက်ပြီးတော့ လုပ်သားတွေအကြားမှာ စိုးရိမ်မှုလည်း ရှိနေပါတယ်။

“ကျွန်တော်တို့က ဒီဒေသက မဟုတ်ဘူး အခြားမြို့နယ်ကပါ။ ဒီဘက်မှာ နှစ်တိုင်းရော်ဘာအစေးလာခြစ်နေကြ။ ခုလို အချက်လက်တောင်းတာဆိုတော့ ကိုယ်က ဘာမှ မလုပ်ပေမယ့်လည်း စိတ်ပူတာပေါ့နော်။ နိုင်ငံရေးက အခြေနေမကောင်းတော့ ဘာလို့ ဘာမှန်းမသိရဘူး”လို့ရရာဘာအစေးခြစ်လုပ်သားတစ်ဦးကပြောပါတယ်။

အဆိုပါလုပ်သားစာရင်းကို စက်တင်ဘာလ ၁၃ ရက်နေ့ နောက်ဆုံးထားပြုစုပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေကနေတဆင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံကို ပေးပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ်မှာတော့ လူစုလူဝေးမပြုလုပ်ရန်နှင့် ည (၈)မှ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို သြဂုတ်လ(၈)ရက်နေ့မှာ တတိယအကြိမ်သက်တမ်းတိုး ထုတ်ပြန်ထားပါတယ်။

NUG အစိုးရမှ နိုင်ငံကို အရေးပေါ်ကြေညာမှုအပြီး ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးအရဟုဆိုကာ လမ်းသွားလမ်းလာများကို စစ်ဆေးမှု တင်းကြပ်တာ၊ ဧည်စာရင်းစစ်ဆေးမှုတွေကို ခပ်စိတ်စိတ်လုပ်လာတာတွေရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.