မော်လမြိုင်၊ စက်တင်ဘာ ၁၁

စစ်တပ် အာဏာသိမ်းပြီး ၇ လတာကာလအတွင်း ရွှေဈေးနဲ့ ဒေါ်လာဈေးနှုန်း အမြင့်ဆုံး စံချိန်တင် ဈေးနှုန်းကို ရောက်ရှိသွားပြီး ဖြစ်ပါတယ်။

မွန်ပြည်နယ်ရဲ့ ဒီကနေ့ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၈ သိန်း ၈ သောင်းထိ စံချိန်တင် ခဲ့သလို ဒေါ်ဈေးနှုန်းမှာလည်း တစ်ဒေါ်လာကို ကျပ် ၂၀၀၀ ကျော်ထိ ခေတ်အဆက်ဆက်က မဖြစ်ခဲ့ဖူးတဲ့ စံချိန်တင် ဈေးနှုန်းကို ရောက်ရှိသွားတာပါ။

ရွှေဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်း အချိန်နဲ့အမျှ လိုက်လံမြင့်တက်နေတဲ့အတွက်ကြောင့် ဈေးနှုန်းမြင့်တက်နေတာ ဖြစ်ပြီး၊ လက်ရှိမှာ အရောင်းအဝယ် မရှိဘူးလို့ မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

“ရွှေဈေးကတော့ နာရီနဲ့အမျှ တက်နေတာ၊ အဓိကကတော့ ဒေါ်လာဈေးနှုန်းတက်လို့ လိုက်နေတာ ဖြစ်တယ်”လို့ မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မီးလင်းအခေါက်ရွှေဈေးနှုန်းဟာ ရန်ကုန်မှာ တစ်ကျပ်သား ကျပ် ၁၉ သိန်း ၂ သောင်းထိ စံချိန်တင်ခဲ့တာ ဖြစ်ပြီး၊ မွန်ပြည်နယ် ရွှေဈေးနှုန်းနဲ့ ရန်ကုန်ရွှေဈေးနှုန်းဟာ ပုံမှန် တစ်ကျပ်သားကို ကျပ် ၄ သောင်းထိ ကွာဟချက်ရှိပါတယ်။

ရွှေဈေးတွေ တည်ငြိမ်းဖို့နဲ့ ဈေးကျအောင် လုပ်ဖို့အတွက် ဆိုရင် ဒေါ်လာဈေးကို အရင်ဆုံးကျအောင် လုပ်မှသာ ရွှေဈေးကွက် တည်ငြိမ်မှာ ဖြစ်ကြောင်း၊ ဒေါ်လာဈေးတွေကို မထိန်းချုပ်နိုင်တာကြောင့် ရှေ့ဆက် ဖြစ်ပေါ်လာမယ့် ဈေးနှုန်းကို ခန့်မှန်းဖို့ ခက်ခဲတယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

“အခုက ကျွန်တော်တို့က တအားကြီး တက်မယ်လို့ မထင်ကြဘူးလေ၊ အများဆုံး တက်ရင် (၁)သောင်း (၂)သောင်း (၃)သောင်း လောက်ပဲ တက်မယ်ထင်တာ အခုက အဆမတန် ခုန်ခုန်ပြီး တက်နေတာ၊ ဒီတစ်လ ထဲမှာပဲ ဈေးက အမျိုးမျိုး ဖြစ်နေတာလေ၊ ဈေးထိန်းနိုင်ဖို့ ဆိုရင်တော့ဗျာ ဒေါ်လာဈေးကို အရင်ထိန်းမှ အဆင်ပြေမယ်”လို့ ရွှေလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

ရွှေဈေးကွက်မှာတော့ ရွှေဈေးနှုန်းတွေ အတက်အကျ အပြောင်းအလဲ မြန်နေတဲ့အတွက် ရွှေရောင်း ရွှေဝယ်သူ နည်းပါးသလို ဈေးတွေ ပိတ်ထားတဲ့ အတွက်လည်း အရောင်းအဝယ်တွေ သိပ်မရှိဘူးလို့ သိရပါတယ်။

မွန်ပြည်နယ်မှာ ရွှေဈေးနှုန်းဟာ စစ်တပ်အာဏာ မသိမ်းခင်က တစ်ကျပ်သား ကျပ် ၁၃ သိန်း ဝန်းကျင်သာရှိခဲ့ရာမှ အာဏာသိမ်းပြီး ၇ လတာကာလအတွင်း ကျပ် ၁၈ သိန်း ၈ သောင်းထိ စံချိန်တင် မြင့်တက်ခဲတ့ာ ဖြစ်ပါတယ်။

ဒေါ်လာဈေးနှုန်းမှာလည်း အာဏာမသိမ်းခင်က တစ်ဒေါ်လာ ကျပ် ၁၃၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ အာဏသိမ်းပြီးနောက် တစ်ဒေါ်လာ ကျပ် ၂၀၀၀ ကျော်ထိ စံချိန်တင်ခဲ့တာပါ။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.