မော်လမြိုင်၊ စက်တင်ဘာ ၁၂

ဒီကနေ့ နေ့ခင်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ အင်အားအများအပြားက ရေးမြို့ပေါ်ရပ်ကွက်တွေရဲ့ နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးမြို့မှာ PDF တပ်ဖွဲ့ဝင်တွေ ခိုလှုံနေတယ်ဆိုတဲ့ သတင်းကြောင့် အရပ်ဝတ်ရဲတွေနဲ့အတူ နေအိမ်အချို့ကို ဝင်ရောက် ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

” နေ့လည်ပိုင်းလောက်က ရေးမြို့ပေါ်ရပ်ကွက် သဗိန်ဗရမ်းလမ်း၊ မြို့ပတ်လမ်းမှာ နေအိမ်တွေကို လိုက်စစ်နေတယ်၊ အိမ်အထဲထိ ဝင်တာ၊ သူတို့လက်နက်အပြည့်အစုံနဲ့ လူအင်အားတော့ ခန့်မှန်းလို့မထိဘူး၊ ရဲနဲ့ အရပ်ဝတ်နဲ့လူတွေလည်း ပါတယ်။ စစ်ဆေးခံရတဲ့အိမ်က လူတွေပြောတာက အိမ်မှာ ယောကျာ်လေး ရှိ၊ မရှိ မေးတယ်၊ ပြီးတော့ PDF တွေနဲ့ ပျောက်ကျားတပ်ဖွဲ့တွေ ပုန်းခိုနေတာ သတင်းရလို့ လာစစ်ဆေးတာတဲ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့ရက်ပိုင်းတွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)နဲ့ ပျောက်ကျားတပ်(YSTF)တပ်ဖွဲ့တွေက ရေးမြို့မရဲစခန်း၊ ကင်းတဲနှင့် လုံခြုံရေးချထားတဲ့ စစ်ကောင်စီတပ်တွေကို အဆက်မပျက်ဗုံးခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲနောက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံတပ်တွေက အင်အားအလုံးအရင်းနဲ့ ရေးမြို့မှာ စခန်းချထားပြီး လမ်းသွားလမ်းလာပြည်သူများအား ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေနဲ့ ဧည့်စာရင်းစစ်တာတွေကို ပိုမိုတင်းကြပ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.