မော်လမြိုင်၊ စက်တင်ဘာ ၁၁

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းကင်းချထားပြီး သွားလာနေတဲ့ ပြည်သူတွေကို စစ်ဆေးမေးမြန်းမှုတွေ ပိုမိုလုပ်ဆောင်တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်‌ေနရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်ပါတယ်။

မနေ့ စက်တင်ဘာ ၁၀ ရက်နေ့ နေ့လည်ပိုင်းက ကေအဲန်ယူ တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ကနေ ကျောက်စရစ်ကျေးရွာအုပ်စုအထိ စစ်ကောင်စီတပ်တွေက လမ်းကင်းချပြီး သွားလာနေတဲ့ ပြည်သူလူထုတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတာပါ။

ဒါ့အပြင် လယ်ဝိုင်းကြီးကျေးရွာ နောင်ကုန်းတံတားပေါ်မျာလည်း အရပ်သားကားတွေနဲ့ စစ်ကောင်စီတပ်က အင်အားလာချထားနေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အခုလို စစ်အုပ်စုတပ်တွေက လမ်းကင်းချပြီး စစ်ဆေးမှုတွေလုပ်ဆောင်တဲ့အပြင် စာသင်ကျောင်းတွေမှာ ဝင်ရောက်တပ်စွဲနေထိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စိတ်အနှောင်ယှက်ဖြစ်ပြီး စိုးရိမ်ထိတ်လန့်မှုတွေရှိတယ်လို့ ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အခုနောက်ပိုင်း အစစ်အဆေးတွေ တပ်အင်အားတိုးချဲ့တာတွေ သွားလာတာများတဲ့အပေါ် မှာတော့ ပြည်သူတွေကတော့ တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်တယ်။ စိုးရိမ်ထိတ်လန့်မှုလည်းဖြစ်တယ်။ နေ့တိုင်းလိုလို သူတို့ကလည်း တိုက်ပွဲတွေဖြစ်မှာ စိုးရိမ်တဲ့စိတ်တွေအများကြီးရှိခဲ့တယ်။ ပြီးတော့ ဂိတ်တွေချထားတယ်။ ဟိုးအရင်က မချထားတဲ့နေရာတွေ အကုန်လုံး လိုက်ချထားတဲ့အပေါ်မှာ သူတို့သွားတဲ့လာတဲ့အပေါ်မှာတော့ စိုးရိမ်မှုရှိတာပေါ့လေ”လို့ ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မနေ့ပိုင်းကလည်း ညောင်းလေးပင်ခရိုင် မုန်းမြို့နယ်မှာ ဒေသခံ ၄ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့လည်း ကြားသိရကြောင်း ကရင်လူမှုရေးရာအဖွဲ့ထံကနေ သိရပါတယ်။

“ညညဆို မရဲတရဲအိပ်နေရတယ်။ ပေါ်တာပဲဆွဲမလား ချောပဲခေါ်မလား။ တွေးပြီးကြောက်နေရတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကေအဲန်ယူ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နဲ့ ဖာပွန်ခရိုင် တပ်မဟာ ၅ ဘက်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ကျောက်ကြီးမြို့နယ် အဝင်အထွက်နေရာတွေမှာ စစ်ဆေးမှုတွေတင်းကြပ်လာတာ ဖြစ်ပါတယ်။

လတ်တလော ကေအဲန်ယူ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲက ပြည်သူလူထုတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အုပ်စုရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် စားဝတ်နေရေးအတွက် အခက်ကြုံဆုံနေရတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.