သထုံ ၊ စက်တင်ဘာ (၁၁)

မွန်ပြည်နယ်၊ သထုံမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ညပိုင်းက ဗုံး (၂ )ကြိမ်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့ ဒေသခံတွေက အတည်ပြုပြောပါတယ်။

မနေ့ည ၁၀ နာရီဝန်းကျင်ခန့်မှာ ဘက်လှိုင်ရပ်ကွက်၊ ဦးဖြူ လမ်းနှင့်ဝါးပါးဆည်အနီးရှိ စစ်တပ်ဘက်တွင် ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

“ညက အသံက အကျယ်ကြီးဘဲ ပေါက်ကွဲသံကြားတယ်။ သိရသလောက်တော့ ဘင်လှိုင် ဦးဖြူ လမ်းထဲ ပြန်ဆက်ရုံးအရှေ့ဘက်လောက်နားမှာ ပေါက်တယ်တဲ့။ လူထိခိုက်တာတော့မကြားဘူး။ ဖြစ်တဲ့အချိန်ကြီးက ၁၀ နာရီလောက်ရှိနေပြီဆိုတော့ လမ်းသွားလမ်းလာ လူတွေလည်းမရှိတော့ဘူးလေ။ သထုံမှာက ခုရက်ပိုင်း ည ၇ နာရီလောက်ဆို လမ်းပေါ်မှာ လူတွေမရှိသလောက်ဘဲ။ ”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကား၊ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဗုံးဖောက်ခွဲသူတွေကို လိုက်လံရှာဖွေမှုပြီး သေနတ်တွေနှင့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

သထုံမြို့မှာ NUG အစိုးရမှ နိုင်ငံကို အရေးပေါ်ကြေညာပြီးနောက်ပိုင်း ညတိုင်း သေနတ်ပစ်သံများကြားနေရပြီး လမ်းသွားလမ်းလာများစစ်ဆေးတာနဲ့ ဧည့်စာရင်း စစ်ဆေးတာတွေကို ပိုမို တင်းကြပ်လာတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.