ဘားအံ၊ စက်တင်ဘာ ၁၁

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ စည်သူစတီးလုပ်ငန်း၊ ဝင်းမြင့်လေးသစ်စက်၊ Footvilla၊ Nicety Cafe’၊ Km Mobile၊ Mg Oo Factory အပါအဝင် လုပ်ငန်းရှင် ၁၀ ဦးခန့်ပါတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့ညပိုင်းမှာ ဖမ်းဆီးသွားပြီး မည်သည့်နေရာကို ခေါ်ဆောင်သွားသည်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

“ကျွန်မအဖေကို ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာလဲ မသိရသေးဘူး။ အဆက်သွယ်လည်းမရသေးဘူး”လို့ အဖမ်းခံရသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ လုပ်ငန်းရှင်တွေကို ငွေကြေးနဲ့ပြန်ရွေးဖို့ စစ်ကောင်စီတပ်တွေက ပြောဆိုနေတယ်လို့ သတင်းများထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်သတင်းဌာနအနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စက်တင်ဘာလ ၇ ရက်နေ့မှာ NUG အစိုးရက နိုင်ငံကို အရေးပေါ်အခြေနေ ကြေညာပြီးနောက်ပိုင်း ဘားအံမှာ စစ်ဆေးမှုတင်းကြပ်ခဲ့ပြီး ဆန္ဒပြပွဲများတွင် ပါဝင်ပတ်သက်ခဲ့တဲ့ ခေါင်းဆောင်များကိုပါ ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဒေသခံတွေထံက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.