မော်လမြိုင်၊ စက်တင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ လွှတ်တော်ရုံးအနီးမှာ ဆိုင်ကယ်စီးနင်းလာတဲ့လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စက်တင်ဘာလ ၁၀ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်က ထားမြို့ ဆန်းချီရပ်ကွက်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်နှစ်ဦးဟာ စစ်ကောင်စီတပ် လာနေတာကို တွေ့ရှိသဖြင့် နောက်ပြန်လှည့်မောင်းစဉ် သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

“လူငယ်နှစ်ဦး သေနတ်ထိသွားလို့ ဆိုင်ကယ်မှောက်ပြီး လူလှိမ့်နေတာပဲ အဝေးက တွေ့လိုက်ရတယ်။ ဘယ်နေရာထိသွားလဲတော့ သေချာမတွေ့ရဘူး၊ အဲလူငယ်နှစ်ဦးကို သူတို့ဖမ်းသွားတယ်။ ပြီးတော့ စစ်သားတွေက အဲနေရာမှာ သန့်ရှင်းရေးလုပ်သွားသေးတယ်” လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်

စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦးရဲ့ ပေါင်ကျဉ်ထိမှန်ခဲ့ပြီး ကျန်တစ်ဦးက ခါးကျဉ်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပေမယ့် သံလွင်တိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ထားဝယ်မြို့ရှိ နေအိမ်တွေမှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက အင်အားအများအပြားနဲ့ တစ်အိမ်တက်တစ်အိမ်ဆင်း ဧည့်စာရင်းစစ်ဆေးတာ၊ လူသွားလူလာများနေရာနဲ့ လူစည်းကားရာ နေရာတွေမှာ လမ်းသွားလမ်းလာ အများပြည်သူ‌ေတွကို နေအိမ်အပြင်ထွက်ကတ်ပြားစစ်ဆေးတာ၊ ဆိုင်ကယ်လိုင်စင်စစ်ဆေးတာ၊ ယာဉ်မောင်းလိုင်စင်စစ်ဆေးတာအပြင် လက်ကိုင်ဖုန်းတွေကိုပါ ရှာဖွေစစ်ဆေးတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

အဲဒီလို ရှာဖွေစစ်ဆေးမှုများကြောင့် ထားဝယ်မြို့က ဒေသခံလူငယ် ၂၀ ဦးထက်မနည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လူငယ်တချို့က ပြန်လည်လွတ်မြောက်လာတာရှိသလို တချို့ကတော့ ယနေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားဆဲဖြစ်တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.