သထုံ၊ စက်တင်ဘာ ၁၀

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုအပြင် စစ်ကောင်စီအာဏာသိမ်းမှု နောက်ဆက်တွဲပြသနာကြောင့် သထုံခရိုင်အတွင်းက ဝင်ငွေနည်း အခြေခံလူတန်စားတွေမှာ စားဝတ်နေရေး ပိုမိုကြပ်တည်းလာကြတယ်လို့ ဒေသခံတွေထံက ပြောပါတယ်။

အခြေခံစားသောက်ကုန်စျေးနှုန်းတွေ ပိုမိုမြင့်တက်လာတဲ့အပြင် အပြင်ထွက်ချိန် ကန့်သတ်ခံရခြင်း၊ စစ်ကောင်စီတပ်တွေ ပိတ်ဆို့စစ်ဆေးနေခြင်းနဲ့တိုက်ပွဲတွေ ဖြစ်ပေါ်လာတော့မယ့် သတင်းတွေကြောင့် အလုပ်အကိုင်အဆင်မပြေတော့ဘဲ ပိုမိုကြပ်တည်းလာတယ်လို့ ဆိုပါတယ်။

“ကျွန်တော်က စျေးထဲမှာ ကုန်ထမ်းတာပါ။ အရင်ဆို မနက် ၂ နာရီလောက်ထပြီး စျေးထဲသွား စျေးသည်တွေရဲ့ ပစ္စည်းတွေကို ကူထမ်းနဲ့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရတာပါ။ ခုတော့ ကိုဗစ်ကြောင့် အချိန်ကန့်သတ်ခံရတာရယ် ဖြစ်နေတဲ့ နိုင်ငံရေးအခြေနေတွေကြောင့် စျေးသည်တွေလဲ စျေးကိုအစောကြီးမလာကြတော့ဘူး။ ကုန်ကားတွေလဲ တော်ရုံမဝင်တော့ ပစ္စည်းအတင်အချမလုပ်ရတော့ ဝင်ငွေမရှိသလောက်ဘဲ။ ခုကာလမှာ ကိုယ်ကနိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာမှ မလုပ်ပေမယ့် ဘယ်အချိန်အဖမ်းခံရမလဲ၊ ဘယ်အချိန်ကိုယ့်အနား ဗုံးပေါက်မလဲ စိုးရိမ်နေရတာနဲ့ အလုပ်လုပ်ရတာလဲ အဆင်မပြေဘူး။ ခါတိုင်း တစ်ရက် ၅၀၀၀ လောက်ရရင် ခုက ၂၀၀၀၊ ၃၀၀၀ ရဖို့တောင်မလွယ်ဘူး”လို့ ကျိုက်ထို ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေနေကြောင့် သထုံခရိုင်အတွင်းက တစ်နိုင်တစ်ပိုင်လက်မှုလုပ်ငန်းများအပြင် စီးပွားရေးလုပ်ငန်းငယ်များလည်း အများစုရပ်နားလာရတာကြောင့် ၎င်းလုပ်ငန်းတွေမှာ မှီခိုလုပ်ကိုင်နေတဲ့ အခြေခံလူတန်းစားတွေမှာလည်း အလုပ်လက်မဲ့ဖြစ်ကာ ဝင်ငွေမရှိတော့ဘူးလို့ သိရပါတယ်။

“ကျွန်တော်က ညဘက် ငါးရှာထွက်တဲ့ အလုပ်ကို လုပ်ပါတယ်။ ရလာတဲ့ ငါးကို မိန်းမလုပ်သူက မနက်စျေးမှာ ရောင်းရတာပါ။ အဲကရလာတဲ့ငွေနဲ့ မိသားစု စားသောက်ဖို့လုပ်ရတာပါ။ ခုက ညမထွက်ရ အမိန့်က ရှိနေတော့ ကြောက်ပေမယ့်လဲ ဝမ်းရေးအတွက် အခြေနေကြည့်ပြီး လုပ်နေရတယ်။ အရင်လိုတော့ အေးဆေးမလုပ်စားရတော့ ဝင်ငွေကလည်း အဆင်မပြေတော့ဘူးလေ ငတ်လုငတ်ခင်ပါဘဲ။ ဟိုတလောက ငါးရှာထွက်တဲ့ လင်မယား သေနတ်နဲ့ပစ်ခံရတယ်လို့ ကြားပြီးကတည်းက ငါးရှာမထွက်ရဲတော့ဘူး။ ”လို့ ပေါင်ဒေသခံတစ်ဦးက ပြောပါတယ်။

သထုံခရိုင်အတွင်းက မြို့နယ်တွေမှာ ညမထွက်ရအမိန့် ည ၈ နာရီမှ မနက် ၄ နာရီအထိ သတ်မှတ်ထားပေမယ့်လည်း NUG အစိုးရမှ နိုင်ငံကို အရေးပေါ်အခြေနေကြေပြီးနောက် ည ၇ နာရီနောက်ပိုင်းမှာ လမ်းပေါ်မှာ လူသူမရှိသလောက်အခြေနေတွေ ဖြစ်နေပါတယ်။

ဒါ့အပြင် မြို့ပေါ်ရပ်ကွက်တွေနဲ့ကျေးရွာတွေမှာ ပေါ်တာဆွဲနေသည်ဆိုသည့် ကောလဟာလသတင်းတွေကြောင့် အခြေခံလူတန်စားတွေမှာ အလုပ်သွားလာလုပ်ကိုင်ဖို့ထက် ပေါ်တာမပါရေးအတွက် နေရာရွေ့ပြောင်းနေထိုင်ရသည့်အခြေနေများလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.