မော်လမြိုင်၊ စက်တင်ဘာ ၁၀
တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဖာပွန်ခရိုင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ သောင်းချီခန့်ရှိနေပြီး သူတို့တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်ရှိနေတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) ထံကနေ သိရပါတယ်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဖြစ်ပွားမှုတွေကြောင့် ဒေသခံပြည်သူလူထုဟာ ကျေးရွာကိုစွန့်ခွာရပြီး နီးစပ်ရာတောထဲတောင်ထဲနဲ့ မြို့တွေပေါ်ကို သွားရောက်တိမ်းရှောင်နေခဲ့ရပါတယ်။
“အခုက လက်နက်ကြီးတွေက နေ့တိုင်းလိုလိုပစ်ချတယ်။ စစ်ရှောင်တွေကလည်း အခုချိန်မှာ ဘာမှလုပ်စားလို့ မလို့ စားဝတ်နေရေးအခက်အခဲတွေ အရမ်းကြုံရတယ်။ အထူးသဖြင့် အစားအစာနဲ့ ဆေးလိုအပ်ချက်ရှိတယ်” လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက ပြောပါတယ်။
လတ်တလောမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒရုန်း၊ လေယာဉ်တွေက နေ့စဉ်လိုလို လာရောက်ထောက်လှမ်းမှုတွေလုပ်ဆောင်နေတာကြောင့် နောက်ထပ်တကြိမ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေကို ပြန်လုပ်ဆောင်မှာကို စစ်ဘေးရှောင်တွေက စိုးရိမ်နေကြရပါတယ်။
“အခုစိုးရိမ်မှုက သူတို့ရဲ့လုံခြုံရေးပေါ့ ပြီးတော့သူတို့ရဲ့စားဝတ်နေရေး အနာဂတ်။ တောင်ယာတွေလုပ်လို့မရဘူး အရင်လိုမျိူးလုပ်လို့မရဘူးဆိုရင်တော့ သူတို့က အခက်အခဲဖြစ်လာမယ် စားဝတ်နေရေးအတွက်။ နောက်တခုက မိုးရွာပြီးပြီဆိုရင်တော့ လေယာဉ်တွေဗုံးပြန်လာကြဲမှာစိုးရိမ်တယ် တိုက်ပွဲတွေ ပိုပြီးတော့ များလာမှာစိုးရိမ်တယ်ပေါ့နော်” လို့ နော်ဝါးခူရှီးကဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ကလည်း ဖာပွန်ခရိုင် မဲဝိုင်ဒေသထဲက ကျေးရွာတွေအချို့မှာ စစ်ကောင်စီတပ်တွေက လာရောက်တပ်စွဲနေထိုင်တာကြောင့် ဒေသခံပြည်သူလူထုတွေ ထွက်ပြေးနေရပြီး အချို့အသတ်ခံရတာရှိကာ ပြည်သူပိုင် နေအိမ် အသုံးအဆောင်ပစ္စည်းတွေကိုလည်း ဖျက်ဆီးတာ ခိုးယူတာတွေ လုပ်ဆောင်နေတယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။
သတင်း- သံလွင်တိုင်းမ်