မော်လမြိုင် ၊ စက်တင်ဘာ (၆)

မွန်ပြည်နယ် အတွင်းရှိ ရွှေဈေးကွက်မှာတော့ အရင်ရက်ပိုင်းက မီးလင်း အခေါက်ရွှေ ဈေးနှုန်း (၁၈)သိန်း နီးပါးထိ မြင့်တက်ခဲ့ပြီး လက်ရှိ ရွှေဈေးနှုန်းမှာ (၁၇)သိန်း (၃)သောင်းခန့်တွင် ငြိမ်နေတယ်လို့ ရွှေလုပ်ကိုင် သူတွေက ပြောပါတယ်။

ဒေါ်လာဈေးနှင့်အတူ ရွှေဈေးတွေလည်း ဆက်တိုက်မြင့်တက်လာတာကြောင့် မွန်ပြည်နယ်အတွင်းမှာ ဈေးကွက်အတည်တကျ မရှိနေဘဲ ရောင်းသူနှင့်ဝယ်သူအကြား ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေတယ်လို့ မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

အခုလို ရွှေဈေးကွက်မှာ ကြိုက်ရောင်း ကြိုက်ဝယ် ဖြစ်နေရတာဟာ ဝယ်သူတွေ အနေနဲ့ လက်ရှိ တက်တဲ့ဈေးကို မဝယ်ယူ နိုင်တာကြောင့် ရောင်းချသူတွေကလည်း တတ်နိုင်တဲ့ ဈေးနဲ့ ရောင်းချ ပေးနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“ဈေးက သူဘာသာသူ ရှိနေတယ် အဝယ်သမား ပိုက်ဆံမရှိရင် ဘာနဲ့ သွားဝယ်မှာလည်း ဈေးကတော့ တက်နေတာပဲ ဝယ်သမား ပိုက်ဆံမရှိရင် ဘာမှ ဝယ်လို့မရဘူး၊ ဈေးပဲတက်တာ၊ အခုနောက်ပိုင်း ကြိုက်ရောင်း ကြိုက်ဝယ်ပဲ၊ ရောင်းသမားကလည်း သူကြိုက်ရင် သူရောင်းမယ်၊ ဝယ်သမားကလည်း သူကြိုက်ရင် သူဝယ်မယ် အဲ့လိုဖြစ်နေတယ်” လို့ မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိ ရွှေဈေးကွက်မှာတော့ ရွှေဈေးနှုန်းတွေ အတက်အကျ အပြောင်းအလဲ မြန်နေတဲ့အတွက် ရွှေရောင်းဝယ်သူ နည်းပါးသလို ဈေးတွေ ပိတ်ထားတဲ့ အတွက်လည်း အရောင်းအဝယ် မဖြစ်နေဘူးလို့ ဆိုပါတယ်။

“ဒီနေ့ ရွှေဈေးက (၁၇)သိန်း (၃)သောင်း လောက်ရှိတယ်၊ မီးလင်းဈေးပေါ့၊ ဘတ်ရွှေဈေးက (၁၇)သိန်း အောက်ရှိတယ်၊ အခုနည်းနည်း ပြန်ကျလာတာပေါ့၊ ဟို့နေ့ကဆိုရင် (၁၈)သိန်း နီးပါးလောက် ဖြစ်သွားတယ်၊ ရန်ကုန်ဈေးနဲ့ ဆိုရင် ပျမ်းမျှ (၂)သောင်းလောက်တော့ ကွာတယ်၊ ရန်ကုန်ဆို တဈေး၊ မန္တလေးဆို တဈေး၊ မော်လမြိုင်ဆို တဈေးပေါ့၊ မော်လမြိုင် ဈေးကတော့ အနိမ့်ဆုံးပေါ့” လို့ ရွှေလုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

ယခင်က မွန်ပြည်နယ်မှာ ရွှေဈေး အမြင့်ဆုံးအနေဖြင့် ကျပ် (၁၆)သိန်း (၆)သောင်းထိသာ ဈေးမြင့်တက်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မွန်ပြည်နယ် ရွှေလုပ်ငန်း ရှင်များအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.