မော်လမြိုင်၊ စက်တင်ဘာ(၄)
ကေအဲန်ယူထိန်းချုပ်နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တို့နှင့် စစ်ကောင်စီတပ်တို့က သြဂုတ်လအတွင်း တိုက်ပွဲပေါင်း ( ၂၁၇ ) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ ဗဟိုက စက်တင်ဘာလ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးသထူခရိုင် တပ်မဟာ ၁ မှာ ( ၂၄ )ကြိမ်၊ တောင်ငူခရိုင် တပ်မဟာ ၂ မှာ ( ၆ )ကြိမ်၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ မှာ ( ၂ )ကြိမ်၊ မူတြော်ခရိုင် တပ်မဟာ ၅ မှာ ( ၁၈၁ ) ကြိမ်၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ မှာ( ၄ )ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၆၆ ဦး သေဆုံးကာ ၁၀၁ ဦး ထိခိုက်ရရှိခဲ့ပြီး KNU ဘက်ကတော့ ထိခိုက်ကျဆုံးသူဦးရေကို ထုတ်ပြန်ထားခြင်းမရှိပါဘူး။
ထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီတပ်တွေဟာ ကေအဲန်ယူ ဒူးသထူခရိုင် တပ်မဟာ ၁ အတွင်းမှာ ဒေသခံ ၂ ဦးကို ပစ်သတ်ခဲ့ပြီး ပြည်သူ ၄ ဦးကို ဖမ်းဆီခေါ်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။
ကေအဲန်ယူ မူတြော်ခရိုင် တပ်မဟာ ၅ အတွင်းမှာလည်း ပြည်သူတွေ လုပ်ကိုင်စားသောက်နေတဲ့လုပ်ငန်းခွင်၊ ဥယျာဉ်ခြံတွေနဲ့ ကျေးရွာထဲကို လက်နက်ကြီး ၁၂၀ လုံးပစ်ချခဲ့ပြီး လူနေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
လက်နက်ကြီးပစ်ချမှုကြောင့် ပြည်သူ ၂ ဦးကို ထိမှန်ကာ ၁ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၃ ဦးကိုလည်း ထိခိုက်နာကျဥ်အောင် ရိုက်နှက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ့အပြင် မူတြော်ခရိုင် တပ်မဟာ ၅ ထိန်ချုပ်နယ်မြေအတွင်းကို အာဏာသိမ်းစစ်ကောင်စီဘက်မှ လေယာဥ်ဖြင့် ၅ ကြိမ် လာရောက်ထောက်လှမ်းတာတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီ၏တပ်ဖွဲ့များသည် ပြည်သူလူထု သွားလာသောနေရာများ၊ လုပ်ကိုင်စားသောက်သောနေရာများနှင့် လမ်းမများပေါ်တွင် မိုင်းများလိုက်ထောင်ထားသောကြောင့် ပြည်သူ ၁ ဦး မိုင်းနင်းမိပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူလူထုကို ကြောက်လန့်အောင်ပြုလုပ်ပြီး မွေးမြူးထားတဲ့ ကြက်တွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ အစားအစာများကိုယူဆောင်ခြင်း၊ နေအိမ်တွေနဲ့ ဥယျာဥ်ခြံမြေတွေ ဖျက်ဆီးခြင်း၊ ပြည်သူလူထုတွေကို စစ်တပ်အသုံးအဆောင်ပစ္စည်းများ သယ်ဆောင်ပေးရန် အတင်းအဓမ္မ ခိုင်းစေခြင်းများ စတာတွေကို ပြုလုပ်ခဲ့တယ်လို့ ကေအဲန်ယူရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်