မော်လမြိုင်၊ စက်တင်ဘာ ၄

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲသွားပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သွားမယ်လို့လည်း ကေအဲန်ယူရဲ့ လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ Karen National Union Headquarters က ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာ ၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဒီကြေညာချက်ကိုတော့ အင်္ဂလိပ်၊ မြန်မာ၊ ကရင်ဘာသာ စကား ၃ မျိုးနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကနေ အကာအကွယ်အရယူလိုတဲ့ ဘယ်သူ့ကိုမဆို တတ်နိုင်တဲ့ဘက်ကူညီပံ့ပိုးပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးဟာ ဖက်ဒရယ်နဲ့ ဒိမိုကရေစီစနစ်ကိုမြှင့်တင်ဖို့ ခိုင်မာတဲ့ကတိက၀တ်နဲ့လိုက်နာဆောင်ရွက်မှုတွေကို ဆက်လက်ထိန်းသိမ်းထားပြီး ပြည်တွင်းစစ်ရဲ့ မူလဇစ်မြစ်ကို ဖြေရှင်းဖို့နဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး တိုင်းပြည်အေးချမ်းမှုကို ဆောင်ကြည်းဖို့ နောက်ထပ်ဖြေရှင်းရေး နည်းလမ်းအသစ်တွေကို ဆက်လက်ရှာဖွေ လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူလူထုအနေနဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုတွေအတွက် မိမိတတ်နိုင်တဲ့ဘက်ကနေ နည်းလမ်းမှန်မှန်နဲ့ ကူညီထောက်ခံ ထုတ်ဖော်ပြသဖို့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ကလည်း ကရင်အမျိုးသားအစည်းရုံး ဒုတိယဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန်ဦးဆောင်တဲ့ KNU Concerned Group ကနေ အမျိုးသားညီညွတ်ရေးအစိုး (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကိုလည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီပံ့ပိုးလုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါသေးတယ်။

လတ်တလော ကေအဲန်ယူထိန်းချုပ်နယ်မြေဒေသတွေမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် စစ်ရေးပဋိပက္ခတွေ ပိုမိုတိုးမြှင့်လားပြီး စစ်ဘေးရှောင်သူဦးရေတွေဟာလည်း ပိုမိုတိုးမြှင့်လာနေတာဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.