သထုံ၊ စက်တင်ဘာ ၄

သထုံမြို့နယ်၊ ပုရစ်ခိုကျေးရွာအနီးမှာ စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက BGF တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးထိခိုက်ကာ BGF တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေထံက ​ပြောပါတယ်။

“မနေ့က မိုင်းထိပြီး သူတို့ဘက်က ကားတစ်စီးထိခိုက်တယ်လို့ သိရတယ်။ ပေါက်ကွဲမှုဖြစ်ပြီး အဲနားမှာလည်း ဘယ်သူမှ မရှိတော့လို့ ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူး။ သူတို့ဘက်ကတော့ အင်အားတိုးချဲ့လာတွေတော့ရှိနေတယ်။”လို့ KNU တပ်မဟာ(၁)ဘက်မှ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်မ်းကိုပြောပါတယ်။

အဆိုပါညနေ မိုင်းပေါက်ကွဲမှုဖြစ်ပွားအပြီး ည ၁၀ နာရီဝန်းကျင်အထိ KNU တပ်မဟာ(၁)နှင်စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး KNU တပ်မဟာ(၁)တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာမှာ မြေပြင်တပ်ဖွဲ့တွေနဲ့ အဆက်အသွယ်မရသေးတာကြောင့် ထိခိုက်သေဆုံးမှု အခြေနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

“မနေ့ညနေက မိုင်းပေါက်ကွဲအပြီး ပစ်ခတ်သံတွေ ညဘက်ထိ ကြားရတယ်။ BGF ဘက်က နောက်ထပ် ကားသုံးစီးကျန်ခဲ့တယ်လို့လဲကြားတယ်။ သူတို့ဘက်က ထိခိုက်ဒဏ်ရာရသူတွေကို ပိန္နဲတော် တပ်စခန်းထဲကို ခေါ်သွားတယ်လို့လဲ ကြားရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းမှာ သိမ်ဆိပ်-လေးကေလမ်းအတိုင်း စစ်ကောင်စီတပ်ဖွဲ့တွေ ယာဉ်တန်းနှင့်ခြေလျင်အသုံးပြုကာ ပိန္နဲတော တပ်စခန်းဘက်ကို အင်အားအများအပြားဖြင့် ရောက်ရှိလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် လေးကေရှိ စစ်ကောင်စီတပ်စခန်းကိုလဲ အင်အားဖြည့်အဖွဲ့တွေ ထပ်မံရောက်ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.