မော်လမြိုင်၊ စက်တင်ဘာလ ၄

မွန်ပြည်နယ် မုတ္တမပင်လယ်ကွေ့ စစ်တောင်းမြစ်ဝ ပင်လယ်ပြင်မှာ တရားမဝင်ငါးဖမ်းပိုက်နဲ့ ငါးဖမ်းဆီးသူတွေဟာ အရင်ကာလကထက် ၂ ဆ နီးပါး မြင့်တက်လာတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိ Covid -19 တတိယလှိုင်းနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ပင်လယ်ပြင် ကင်းလှည့် စစ်ဆေးရေး လုပ်ငန်းတွေကို မလုပ်ဆောင်နိုင်တော့တဲ့အတွက် အခုလို တရားမဝင် ငါးဖမ်းဆီးမှု မြင့်တက်ခဲ့တာလို့ ဆိုပါတယ်။

“အရင်က အယောက် ၃၀ နေရာမှာ ခု အယောက် ၅၀ ဖြစ်လာပြီလေ၊ခုက လုံးဝကို စစ်ဆေးရေးမလုပ်နိုင်တော့ဘူး ဒီလို တရားမဝင်လုပ်တဲ့ သူတွေက အထိန်းအကွပ်မရှိတော့ များများစားစား လုပ်ကြတာပေါ့ ၊ ကင်းမလှည့်နိုင်တာ တစ်ချက်ရယ် အဖမ်းအဆီးမရှိဘူး ငါတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးတွေကြောင်း တိုးလာတာပေါ့”လို့ ဆိုပါတယ်။

အခုလို  ၁ လက်မအောက် တရားမဝင်ငါးဖမ်းပိုက်နဲ့ ပိုက်ချဖမ်းဆီးတာတွေ များလာတာကြောင့် မျှောပိုက်ဖြင့် တရားဝင် ငါးဖမ်းဆီးသူတွေအတွက်ကလည်း ငါးရရှိမှုတွေ နည်းလာတယ်လို့ ရေလုပ်သား တစ်ဦးက ပြောပါတယ်။

“စီးပွားရေး သမားတွေက အဲလိုတွေ ပိုဖမ်းလာကြတော့ ကျွန်တော်တို့ကျ ဘာငါးမှ မရတော့ဘူးဗျာ၊ အရင်က တစ်ခေါက်ထွက်ဖမ်းရင် ငါးပိသာချိန် ၁၀၀ လောက်ရတယ် ခုကျ ပိဿာချိန် ၂၀ ရဖို့တောင် အနိုင်နိုင်ဖမ်းနေရတယ်” လို့ ရေလုပ်သား တစ်ဦးက ဆိုပါတယ်။

မွန်ပြည်နယ်လွှတ်တော်မှ မွန်ပြည်နယ် ငါးလုပ်ငန်း ဥပဒေကို အတည်ပြုပြီး နောက်ပိုင်းမှာ ပင်လယ်ပြင် စစ်ဆေးတာတွေကို ၂၀၁၈ ခုနှစ်ကစပြီး တစ်လ ကို အနည်းဆုံး ၁ ကြိမ် ကင်းလှည့်တာတွေ ပြုလုပ်နိုင်ခဲ့ပေမဲ့ လက်ရှိအခြေအနေအရ တစ်နှစ်ကို အနည်းဆုံး ၂ ကြိမ်သာ ပြုလုပ်နိုင်တော့တယ်လို့ ငါးလုပ်ငန်းအဖွဲ့ချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉  ရက်နေ့မှာ မွန်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ရေးလုပ်သားဖွံ့ဖြိုးရေးအဖွဲ့နဲ့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေ ပါဝင်တဲ့ ကင်းလှည့်အဖွဲ့က ဘီးလင်းအပိုင် စစ်တောင်းမြစ်ဝ အနိုင်သောင်မှာ ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ကင်းလှည့်စစ်ဆေးရာမှာ ၁ လက်မအောက် တရားမဝင် ငါးဖမ်းပိုက် ၂ မိုင်ကျော် ငါးဖမ်းလှေ ၂ စီးနဲ့ ရေလုပ်သား ၁၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး တောင်စွန်းရဲစခန်းမှာ ငါးလုပ်ငန်း ဥပဒနဲ့ အမှုဖွင့်ထား အရေးယူထားတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်ထံက သိရပါတယ်။

မွန်ပြည်နယ် ငါးလုပ်ငန်းဥပဒေ အရ ခွင့်ပြုချက်မဲ့ ငါးဖမ်းစီးခြင်း ဖြစ်သည့် ပုဒ်မ (၄၁)၊(၄၂)၊(၄၃)၊(၄၄) တို့ကို ချိုးဖောက်မယ်ဆိုရင် ထောင်ဒဏ် (၆)လ ဖြစ်စေ ငွေဒဏ် ငါးသောင်း ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရ နိုင်ပါတယ်။

ငါးလုပ်ငန်း ဥပဒေအရ ငါးမျိုးပြုန်းတီးမှု ထိန်းသိမ်းကာကွယ်ဖို့ အတွက် ငါးရစ်ငါးသန် မျိုးပွားချိန်  ရေချိုမှာ မေလမှ ဇူလိုင်လ အထိ ငါးဖမ်းတားမြစ်ထားသလို  ရေငန်မှာ မေလမှ ဩဂုတ်လ အထိ ငါးဖမ်းခွင့် ကို ကန့်သတ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.