မော်လမြိုင် ၊ စက်တင်ဘာ (၄)

မော်လမြိုင်မြို့က စျေးကြီးတွေမှာ ကိုဗစ် -၁၉ ကြောင့် ယခင်လို စျေးပြန်မဖွင့်နိုင်တဲ့အတွက် ရာနဲ့ချီတဲ့ ဆိုင်ခန်းတွေကို ပြန်အပ်လာကြတယ်လို့ စျေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။

မော်လမြိုင်မြို့ အမှတ်(၁)စျေးကြီးနှင့် မြိုင်ရတနာစျေးတို့မှာ ဆိုင်ခန်းအားလုံး ပြန်မဖွင့်နိုင်သေးဘဲ စားသောက်ကုန်နှင့် ဆေးဝါးရောင်းချတဲ့ ဆိုင်တွေသာ ဖွင့်လှစ်ခွင့် ရနေပါတယ်။

အခြားကုန်ပစ္စည်းရောင်းချတဲ့ ဆိုင်ခန်းတွေကတော့ နှစ်လကျော်အကြာ ပိတ်ထားရတဲ့အတွက် ဝင်ငွေမရှိတော့လို့ ဆိုင်ခန်းတွေကို ပြန်အပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဈေးတွေမှာက အားလုံး ခက်ခဲကုန်ပြီး၊ တချို့ဆိုင်ခန်းဌားသမားတွေ ဆိုရင် အကုန်လုံး ပြန်အပ် လိုက်ကုန်ပြီး၊ ဈေးထဲမှာ တော်တော် လျော့သွားပြီး၊ ဈေးပိတ်တာ ကြာလေ အခက်အခဲ ရှိလေပဲပေါ့၊ အခု ပြန်အပ်တာဆိုရင် ဆိုင်ခန်း (၁၀၀) ပတ်လည်လောက် ရှိနေတယ်”လို့ အမှတ်(၁) ဈေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အခုလို ဆိုင်ခန်းတွေပြန်အပ်ခဲ့တဲ့အတွက် စျေးဆိုင်ကို မှီခိုနေရတဲ့ ရာနဲ့ချီတဲ့ အလုပ်သမားတွေကတော့ အလုပ်လက်မဲ့တွေ ဖြစ်လာကြပါတယ်။

“စီးပွားရေးက ဒီအပေါ်မှာဘဲ မှီတည်တယ်လေ၊ စားဝတ်နေရေးရော၊ ကလေးကျောင်းဖွင့်ရင် ကျောင်းပညာရေး ကအစ ဆိုင်မှာလုပ်တဲ့ ဝန်ထမ်းလေးတွေရဲ့ စားဝတ်နေရေး မိသားစု ဖူလုံဖို့ပေါ့ ဒီအပေါ်မှာဘဲ ထောက်ခံမှီခို ထားတယ်ဆိုတော့ ဆိုင်ပိတ်ရတဲ့ အခါကျတော့ ဘာဖြစ်လဲဆိုတော့ လုပ်သားလေတွေလည်း ခက်ခဲတာပေါ့၊ ပထမ၊ ဒုတိယလှိုင်းတွေတုန်းကတော့ ထိုက်သင့်သလောက်တော့ လုပ်သားတွေကို ကြည့်ထားတာပေါ့၊ တတိယလှိုင်ကျတော့ ကျန်းမာရေးက တစ်ဖက် ငွေကုန်ကြေးကျလည်း များတယ်ဆိုတော့ အလုပ်သမားတွေကို ပြန်မကြည့်နိုင်တဲ့ အပိုင်းတွေရှိနေတယ်”လို့ အဝတ်အထည် ရောင်းချတဲ့ ဆိုင်ရှင် တစ်ဦးက ဆိုပါတယ်။

အလုပ်လက်မဲ့ ဖြစ်လာတဲ့ အရောင်းဝန်ထမ်းတွေကတော့ ကြုံရာကျပန်းလုပ်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။

“ဈေးပိတ်ထားတဲ့အတွက် ကျမတို့ လခ မရဘူးပေါ့နော်၊ ဒီလို အကြပ်အတည်းမှာ ရောဂါကလည်း ဖြစ်နေတယ် ဆိုတော့ အဆင်မပြေ နေဘူးပေါ့၊ အရင်စုထားတဲ့ ပိုက်ဆံတွေ အကုန်ထုတ်စား လိုအပ်လာရင်တော့ သူများစီက ချေးဌားပြီး စားသောက်နေရတာပေါ့”လို့ အလုပ်သမား တစ်ဦးက ပြောပါတယ်။

မော်လမြိုင်မြို့နယ်မှာ အထည်အလိပ်နဲ့ အခြားကုန်ပစ္စည်းရောင်းတဲ့  အမှတ်(၁)စျေးကြီးနှင့် မြိုင်ရတနာဈေးတို့မှာ ဆိုင်ခန်းပေါင်း (၂၀၀၀)ကျော်ရှိပြီး ဈေးကိုမှီခိုလုပ်ကိုင်နေရတဲ့ အလုပ်သမားပေါင်း (၄၀၀၀)ကျော်ခန့် ရှိတယ်လို့ စျေးကော်မတီရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.