သထုံ ၊ စက်တင်ဘာ ၂

ကိုဗစ် တတိယလှိုင်းမှာ သထုံမြို့နယ်အတွင်း ကိုဗစ်ကူးစက်မှု မြင့်တက်ခဲ့ပြီး သေဆုံးသူ အမြောက်အများ ရှိခဲ့လို့ မီးသဂြိုလ်စက်ပျက်တဲ့အထိ ကိုဗစ်အတည်ပြုလူနာတွေကို သဂြိုလ်ခဲ့ရပါတယ်။

သထုံမှာ ကိုဗစ်တတိယလှိုင်း စတင်တဲ့ ဇွန်လ ၂၇ ရက်မှ စက်တင်ဘာလ ၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုပြီးမှ သေဆုံးသူနှင့်သံသယလူနာ သေဆုံးသူ စုစုပေါင်း ၆၀၀ ဦးခန့်ရှိခဲ့ပါတယ်။

သေဆုံးသူများကို သထုံ ကျောက်တန်းသုသာန်တစ်ခုတည်းတွင်သာ နေရာသတ်မှတ်ပြီး မီးသဂြိုလ်မှု ပြုလုပ်ခဲ့ပါတယ်။

တစ်ရက်ကို ပျှမ်းမျှ (၁၀)ကြိမ်ခန့် မီးသဂြိုလ်နေရတဲ့အတွက် သုသာန်မှာ အဓိက အသုံးပြုနေတဲ့ ဂက်(စ်)မီးဖို ကွဲသွားလို့ အသစ်ပြန်လည်ပြင်ဆင်ဖို့ စီစဥ်နေတယ်လို့ သထုံ အခြေစိုက်လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

“ကိုဗစ်တတိယလှိုင်းကာလမှာ လူသေဆုံးမှုက အရမ်းမြင့်တယ်။ အချို့နေ့တွေဆို ၂၀ လောက်ရှိတယ်။ အချို့နေ့တွေဆို လေးငါးလောင်းလောက်ရှို့ပေးရတယ်။ ပျှမ်းမျှတွက်ရင် တစ်နေ့ ၁၀ လောင်းလောက်ရှိမယ်။ ကိုဗစ်နဲ့ပတ်သက်ပြီးသေဆုံးသူတွေကို မီးရှို့တဲ့သုသာန်မှာက ဂက်(စ်)ဖိုနဲ့ထင်းဖိုရှိတယ်။ ခုဂက်(စ်)ဖိုကကွဲသွားတော့ ထင်းဖိုနဲ့ရှို့နေရတယ်။ မနိုင်ရင် အပြင်မှာ ပုံပြီး ဒီအတိုင်းရှို့နေရတယ်။ ခုတော့ ဂက်(စ်)အသုံးပြု မီးသဂြိုလ်စက် အသစ်တစ်လုံး ပြန်လုပ်နိုင်ဖို့ ကြိုးစားနေတယ်”လို့ သထုံအခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အသစ်ပြုလုပ်မည့် မီးသဂြိုလ်စက်မှာ ကုန်ကျမည့်ငွေပမာဏ ကျပ်သိန်း ၁၅၀ မှ ကျပ်သိန်း ၂၀၀ ခန့်ရှိပြီး အလှူ ရှင်များ၏ ပံပိုးမှုဖြင့် စီစဉ်နေတယ်လို့ သိရပါတယ်။

ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သထုံမြို့နယ်မှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း ဆေးရုံတက်တဲ့ ကိုဗစ်အတည်ပြုလူနာ ၇၀၀ ဦးခန့်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရောဂါဖြစ်ပွားပြီး နေအိမ်မှာဘဲ ကုသနေရတဲ့ ကိုဗစ်အတည်ပြုလူနာတွေလည်း အမြောက်အများ ရှိတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – သထုံမြို့ သက်တန့်ရောင်စဉ် လူငယ်ပရဟိတနှင့်နာရေးကူညီမှုအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.