မော်လမြိုင် ၊ စက်တင်ဘာ ၃

စစ်တပ် အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်မှာ နိုင်ငံခြားချေးငွေ အကူအညီနဲ့ ဆောင်ရွက်ရမယ့်ဒေသဖွံ့ဖြိုးရေးစီမံကိန်း အားလုံးနီးပါး ရပ်နားထားရတယ်လို့ စည်ပင်သာယာရေးဦးစီးဌာ တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိ နိုင်ငံရေး အခြေအနေတွေကြောင့် နိုင်ငံခြား ချေးငွေဖြစ်တဲ့ ADBချေးငွေ၊ JICA ချေးငွေ တွေနဲ့ ဆောင်ရွက်မယ့် စီမံကိန်း တွေကို ရပ်နားထားရတာပါ။

ရပ်နားထားတဲ့ စီမံကိန်း တွေမှာ ဒေသဖွံ့ဖြိုးရေး အတွက် အသေးစားစီမံကိန်းတွေ ပါဝင်သလို အကြီးစား စီမံကိန်း တွေလည်း ပါဝင်တယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

“စီမံကိန်းတွေ ရပ်ရတာဆို ADB ရှိမယ်၊ JICA ရှိတယ်၊ ဆိုင်းငံ့သွားတာပေါ့နော်၊ အဲ့ဒီထဲမှာဆို အမှိုက်ခွဲ စက်ရုံက ADB ကလည်း ရပ်သွားပြီး၊ ADB အဖွဲ့ကလည်း သူတို့က ဆိုင်းငံ့ ဖြစ်နေတယ်၊ တံတား စီမံကိန်း တွေဆိုလည်း JICAက လုပ်တာဖြစ်တော့ ဆိုင်းငံ့ ထားရတယ်”လို့ ဆိုပါတယ်။

ရပ်နားထားရတဲ့ စီမံကိန်းတွေမှာ ADB ကဆောင်ရွက်မယ့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲခြင်း၊ ရှေ့ဟောင်း အဆောက်အဦး ပြုပြင်ခြင်း၊ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေနှင့် လူမှုပတ်ဝန်းကျင် ထိန်းသိမ်းခြင်း လုပ်ငန်းတွေ အပြင် JICA က ဆောင်ရွက်မယ့် အတ္ထရံ မြစ်ကူးတံတား စီမံကိန်းတွေလည်း ပါဝင်ပါတယ်။

“အခုလို စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် စီမံကိန်းတွေ ရပ်နားတော့ ပြည်သူတွေပဲ နစ်နာ ရတာပေါ့၊ အစကတော့ တို့မြို့တွေ နိုင်ငံခြားလို တိုးတက်လာတော့မယ် ဆိုပြီး မျှော်နေရတာပေါ့၊ အခုက အရင်ခေတ်တွေလို မပြည့်မစုံနဲ့ ပြန်နေရတော့မယ် ထင်တယ်”လို့ မော်လမြိုင်မြို့နေ ပြည်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်းမှာ နိုင်ငံတကာက အလှူရှင်တွေရဲ့ အကူအညီနဲ့ ဆောင်ရွက်မယ့်လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ရေရရှိရေး ကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍ တွေကိုလည်း စစ်တပ် အာဏာသိမ်းပြီးနောက်မှာ လုပ်ငန်းရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.