ဘားအံ၊ စက်တင်ဘာ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ ကမမောင်း-ဝါးဘိုးတောသွား ကားလမ်း လယ်တောကြီးမုဒ်ဝအနီးမှာ စက်တင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နှင့်KNU တပ်မဟာ(၁)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးမှုရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ် တပ်မ (၂၂) လက်အောက်ခံ ခမရ(၂၀၈)တပ်မှ နယ်မြေကျော်လှုပ်ရှားမှု လုပ်လာတာကြောင့် KNU တပ်မဟာ(၁) တပ်ရင်း(၁) လှည့်ကင်းအဖွဲ့နဲ့တိုးပြီး တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

“မြေပြင်သတင်းအရ တိုက်ပွဲဖြစ်တာဟုတ်တယ်။ ဖြစ်တာက လယ်တောကြီးမုဒ်ဝ ဌက်ပျောတောမှာဖြစ်တာ။ ဖြစ်တာက မနက် ၆ ခွဲလောက်ကဖြစ်တယ်။ သူတို့ဘက်က လှုပ်ရှားမှုလုပ်တာ စေ့စပ်ဆောင်ရွက်မှုမရှိဘဲ လုပ်လာတာကြောင့် တိုက်ပွဲဖြစ်တာ။ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး သတင်းတိကျမှုရှိဖို့ မြေပြင်ကိုစုံစမ်းတော့ သေချာတယ်လို့ပြောတယ်။”ဟု တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်မ်းကိုပြောပါတယ်။

တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး တပ်မဟာ(၁)တပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။

“မနက် အစောကြီး တိုက်ပွဲဖြစ်နေတဲ့ အသံကြားရတယ်။ အပြန်အလှန်ပစ်တဲ့အသံဘဲ။ လက်နက်ကြီးရောလက်နက်ငယ်အသံကောဘဲ။ ပြန်ကြားရတာတော့ စစ်တပ်ဘက်က ၃ ဦးသေတယ်လို့တော့ ကြားတယ်။ ဒီမနက် စစ်ကားတွေလဲ ထပ်တက်သွားတာတွေ့ရတယ်။ ဘယ်ကိုသွားလဲတော့မသိဘူး။ အလုံပိတ်ကားတွေနဲ့ဆိုတော့ ”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကိုပြောပါတယ်။

အဆိုပါတိုက်ပွဲအပြီး KNU တပ်မဟာ(၁)မှ ၎င်းတို့နေထိုင်ရာနေရာသို့ ပြန်လည်ဆုတ်ခွာခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.