မော်လမြိုင်၊ စက်တင်ဘာ ၂

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံအမျိုးသမီးတွေကိုဖမ်းဆီးခေါ်ဆောင်ပြီး စစ်ကြောင်းရှေ့ကနေ လူသားဒိုင်းအဖြစ်ထားကာ ကေအဲန်ယူထိန်းချုပ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လျက်ရှိတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက သူတို့ရောက်ရှိနေတဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပိုင်ကလာဒုံကျေးရွာက အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ပိုင်ကလာဒုံကနေ ယာကျကျေးရွာကို ဆက်လက်ထွက်ခွာသွားခဲ့ပြီး အဲ့ဒီလို ထွက်ခွာလာတဲ့အချိန်မှာ စစ်ကြောင်းရှေ့ကနေ ဒေသခံအမျိုးသမီးကို ဓားစာခံပြုလုပ်ခေါ်ဆောင်လာခဲ့တာလို့ ကေအဲန်ယူတပ်မဟာ ၆ သတင်းတွေကို ဖော်ပြပေးနေတဲ့ KLo FM မှာ ဖော်ပြထားချက်အရ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေ မိကသိုကျေးရွာကို ရောက်သွားတဲ့အချိန်မှာလည်း ကျေးရွာအတွင်းက အမျိုးသမီးကြီးနှစ်ဦးကို ထပ်မံဖမ်းဆီးပြီး ဓားစာခံအဖြစ်ခေါ်ယူထားတယ်လို့ ဆိုပါတယ်။

အခုလို အမျိုးသမီးတွေကို ဓားစာခံပြုလုပ်ပြီး စစ်ကြောင်းရှေ့ကနေ လူသားဒိုင်းအဖြစ်ခေါ်ဆောင်လာတဲ့ လုပ်ရပ်မျိုးလုပ်ဆောင်မှုအပေါ် လုံးဝလက်မခံဘူးလို့ ကေအဲန်ယူ ဒုတိယဥက္ကဌဟောင်း KNU Concerned Group က ပဒိုနော်စီဖိုးရာစိန်က ပြောပါတယ်။

“အရင်ကတည်းက ကျမတို့ပြည်နယ်တွင်း စစ်ပွဲထဲမှာပေါ့လေနော် ကျမတို့အများကြီးကြုံခဲ့ရတာဖြစ်တယ် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုအမျိုးမျိူး လုပ်ခဲ့တယ် အနိုင်ကျင့်မှုတွေလုပ်ခဲ့တယ်။ အကာကွယ်ပေးပြီးတော့ ရှေ့တန်းထွက်ပြီးတော့ ဒီလိုလုပ်တာ လုံးဝလက်မခံဘူး။ စစ်တပ်က ဒီလိုကျူးလွန်မှုတွေ လုံးဝလက်မခံဘူး။ ဘယ်အမျိုးသမီးအဖွဲ့ပဲဖြစ်ဖြစ် ဒီလိုလုပ်ရပ်က နိုင်ငံတကာစည်းမျဉ်းစည်းကမ်လည်း းချိုးဖောက်တာဖြစ်တယ်။ အဲ့ဒါကို အရေးယူရမယ်” လို့ ပဒိုနော်စီဖိုးရာစိန်က ပြောပါတယ်။

နောက်ပိုင်းမှာတော့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားတဲ့ အမျိုးသမီးတွေအားလုံးကို စစ်ကောင်စီတပ်တွေက ပြန်လည်လွတ်ပေးလိုက်ပြီလို့ ဒေသခံတွေထံကနေ သိရပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မိကသိုကျေးရွာထဲမှာ ရောက်ရှိအခြေချနေထိုင်ပြီး ကေအဲန်ယူထိန်းချုပ်နယ်မြေထဲကို ရှေ့ဆက်တိုးပြီး ဝင်ရောက်လာနိုင်တဲ့အတွက် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်နဲ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာနိုင်ပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ရောက်ရှိလာတဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်ပြီး ဒေသခံပြည်သူ ၅၀၀ နီးပါးဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကာ လက်ရှိအချိန်ထိ ပြန်မလာရဲဘူးလို့လည်း သိရပါတယ်။

အခုလို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ ကေအဲန်ယူထိန်းချုပ်နယ်မြေထဲကို ရှေ့ဆက်တက်လာပါက တိုက်ပွဲတွေဖြစ်ပွားနိုင်ပြီး ပြည်သူတွေအနေနဲ့ သတိရှိရှိနေထိုင်ကြဖို့ ကေအဲန်ယူဒူးပလာယာခရိုင် တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

“သူတို့အဲ့တိုင်းဆက်သွားရင် ဖြစ်မှာပေါ့။ ညှိနှိုင်းမှုဆိုတာကတော့ အရင်တုန်းက လူကြီးတွေ အချင်းချင်းချိတ်ဆက်ပြောဆိုတဲ့ အနေအထားကို သူတို့ပြန်ကြိုးစားပြီးဆောင်ရွက်ရင်တော့ မပြောတတ်ဘူး။ ဒါပေမဲ့ ဒီတိုင်းပဲ အသိမပေး ဘာမပေးပဲသွားမယ် အပေါ်ဘက်အသိပေးပြီး အောက်အသိမပေးလည်း ပြသနာတက်နိုင်တာပဲ။ အောက်ဘက်အသိပေးပြီး အပေါ်ဘက်မပြောလည်း သွားရင်လည်းပြသနာတက်သွားနိုင်တာပဲ” လို့ ကေအဲန်ယူ ဒူးပလာယာခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောပါတယ်။

စက်တင်ဘာ ၁ ရက်နေ့က ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲ ကျော်လွန်ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ နယ်မြေခံ KNLA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်ဘက်က ၃ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာဖြစ်တဲ့ Klo FM မှာ ဖော်ပြထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.